နေပြည်တော်၊ ဇန်နဝါရီ ၅

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာန၏ နီလာခန်းမ၌ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။  

 

တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်  ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချနေသော သင်တန်းကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များတိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူပြုရန် အတွက် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေး ရန်လိုအပ်လျက်ရှိပြီး Tourism Industry အတွင်း ပါဝင်လုပ်ကိုင်နေသူများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးသော ဘာသာ ရပ်များ၊ သင်ခန်းစာများနှင့် သင်ရိုးညွှန်းတမ်း များမှာ ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ပြီး ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲမှုများကို ပြုပြင် ထည့်သွင်း သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်း၊ အာဆီယံအဆင့် သင်ရိုးညွှန်းတမ်းများကို အခြေခံထား အသုံးပြုခြင်းဖြင့် သင်တန်းကျောင်းများမှ သင်ကြားပို့ချရာ၌ တစ်ပြေးညီဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဟိုတယ်များ၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များအနေဖြင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ တက်ရောက်ပြီးစီးသူများဖြစ်ကြရန်နှင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များရရှိထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံအဆင့်၊ အာဆီယံအဆင့်ကျွမ်း ကျင်မှုလက်မှတ်ရရှိသူများ မွေးထုတ်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ကျွမ်းကျင်မှုလို အပ်ချက်ကွာဟမှု လျော့ပါးစေရန် ASEAN National Trainer (TOT) ဆရာဖြစ် သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း။

 

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးအာမခံချက်ရှိစေရေးအတွက် အာဆီယံမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ အသိအမှတ်ပြုမှုအစီအစဉ်၊ အသိအမှတ်ပြုလက်မှတ် ရေးထိုးခြင်းအစီအစဉ်၊ ကျွမ်းကျင်မှု မှတ်တမ်းစာအုပ်များ ထုတ်ပေးခြင်းအစီအစဉ်တို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ခရီးသွားဘာသာရပ်အား သင်ကြားပေးနေသော အသက်မွေးပညာသင်တန်း ကျောင်းများကို အလေးထားအားပေးပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံချက် ရှိစေရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးနေသော သင်တန်းကျောင်းများက အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)