နေပြည်တော် မေ ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ခရီးသွားပြည်သူများအပန်းဖြေအနားယူရန် ဆောင်ရွက်ထားရှိသည့် မောမြေဦးပန်းခြံ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည့် ကလောဘူတာသို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာသွားလာ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် Heritage Tourism ဖော်ဆောင်သွားနိုင်မည့် အခြေအနေများ၊ Maluca Villa သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊ Maluca နာမည်ဖြင့် အဆင့်အတန်းမီ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့၊ ကလောဂါးဒင်းဟိုတယ်၌ ကျင်းပသည့် ကလောမြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကလောခရီးစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖိုရမ်အား ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေ သဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ အစီရင်ခံစာအရ ကမ္ဘာနှင့်အဝှမ်း ခရီးစဉ်ဒေသများသို့ နိုင်ငံတကာခရီးသည် ရောက်ရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ပါကြောင်း၊ ကလောမြို့သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း တိုးတက်လာခဲ့သည်ကို တွေ့ရှိ ရပါကြောင်း။
ကလောမြို့ ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း (၂၀၂၂-၂၀၂၅) ပါ မဟာဗျူဟာအစီအစဉ်များကို အထူးဂရုစိုက် အကောင်အထည်ဖော် ကြရန်လိုအပ်ပါကြောင်း၊ စီမံကိန်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ယနေ့ ကျင်းပသော ဖိုရမ်မှတစ်ဆင့် ကလောမြို့ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးဖော်ထုတ် သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ထုတ်ထားရှိမှု၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်၍ ဘုရားဖူးခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်မှု ၊ မြင်းကကျေးရွာရှိ အပန်းဖြေ ခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု ၊ ဗျိုက်တောင် View Point နေရာများသို့သွားရောက်ပြီး အပန်းဖြေခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ နန်းသဲကျေးရွာရှိ Kalaw Glamping Adventure Tourism Site သို့သွားရောက်ကာ ခရီးသွားဧည့်သည်များအတွက် ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေ ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Kalaw Hill Lodge Hotel သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဝက်ဖြူရေကျေးရွာအုပ်စု ရေယောင်းမကျေးရွာအား ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ထားရှိသော အခြေအနေများ၊ ခရီးသွားဧည့်သည်များ ကျေးရွာအတွင်း လာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ခရီးသွားဧည့်သည်များ တောတောင်ရေမြေသဘာဝအလှအပများ ကြည့်ရှုခံစားနိုင်စေရန် view point များ၊ အပန်းဖြေစခန်းများ စီစဉ်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်