နေပြည်တော်  နိုဝင်ဘာ  ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ် ဦးစီးမှူးရုံး သိုလှောင်ရုံအား ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၁၀၀၀)စာ သိုလှောင်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင် စုဝန်ကြီးက သိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲအတိုင်း စနစ်တကျ စာရင်းထားရှိဆောင်ရွက်ရန်နှင့် Inventory Management Software ကို လက်တွေ့အသုံးပြုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရုံးဝင်းအတွင်းရှိ ခြောက်ခန်းတွဲသုံးထပ် ဝန်ထမ်း အိမ်ရာနှင့် ပြည်နယ်ဦးစီးမှူးရုံးတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Quick Win Project များအပါအဝင် ဌာနမှဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက် အောင်မြင်စေရေး မိမိတို့၏ လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် မိမိတို့၏ လုပ်ဆောင်ချက်များကိုလည်း အများပြည်သူသိရှိနိုင်ရေး အစီရင်ခံ ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဆောင်ရွက်ရသည့်အတွက် လိုအပ်သောကျွမ်းကျင်မှုများရှိရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုအတွက် အမြဲအဆင်သင့် ဖြစ်စေလိုကြောင်း၊ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးကိစ္စရပ်များအား အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင် ဦးစီးမှူးရုံးနှင့် မြေနေရာကို ကြည့်ရှု ကာ ရုံး၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး လက်အောက်ရှိ မူလတန်း ကြိုကျောင်း အမှတ်(၁)ဘားအံသို့ သွားရောက်ပြီး မူကြိုအရွယ်ကလေးငယ်များကို ဘက်စုံ ဖွံ့ဖြိုးမှုရရှိရေးအတွက် ပြုစုပျိုးထောင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ အဆိုပါမူလတန်း ကြိုကျောင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့) သင်တန်းသို့ တက်ရောက်နေသော ကိုယ့်အားကိုယ်ကိုးနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာမများကို နှုတ်ဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ အမှတ် (၉)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း အမှတ် (၂)ဘားအံသို့ ရောက်ရှိပြီး ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဖွံ့ဖြိုးမှုရရှိစေရန် ပြုစုပျိုးထောင်ပေး နေမှု၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ ကရင်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်းရှိဌာန (၃)ခုမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်