ပြည်တော် ဖေဖော်ဝါရီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲ (၂)နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ အရာထမ်း များ၊ အမှုထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံး များ၊ ဌာနများ၊ ဂေဟာများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများနှင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတို့ရှိ အရာထမ်းများ၊ အမှုထမ်းများအား Zoom Meeting ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာန၏ လုပ်ငန်းစဉ် များအား ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူကို အခြေခံသည့်ပုံစံဖြင့် လုပ်ငန်းများဆောင် ရွက်နိုင်ရန်အတွက် အလုပ်အပေါ် စေတနာထားပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပြဿနာတစ်ခုကို အရှိအတိုင်းသိမှ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ပြဿနာများကို ပွင့်ပွင့် လင်းလင်းတင်ပြစေလိုပါကြောင်း။
လုပ်ငန်းများတွင် တွေ့ကြုံရသည့် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ရန် အရေးကြီး ပါကြောင်း၊ ဝန်ကြီးဌာန အချင်းချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာဖြင့် လုပ်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း၊ အရပ်ဖက်၊ စစ်ဖက်ဆက်ဆံရေး တည်ဆောက်ပြီး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရပ်ဖက် စစ်ဖက် ဆက်ဆံရေး မတည်ဆောက်နိုင် ဘဲ ရှေ့ဆက်လုပ်ငန်းများ ဆောင်ရွက်လျှင် အဆင်ပြေနိုင်မည်မဟုတ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၊ ဌာနများ၊ ဂေဟာ များ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ ပြန်လည်ထူထောင်ရေးစခန်းများနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းရှိ ဝန်ထမ်းများက မိတ်ဆက်ကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)


