နေပြည်တော်၊ မတ် ၇
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည်။
ဖိုရမ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/သူများ တက်ရောက်ကြသည်။
ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းများ ဖြစ်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ယနေ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများသို့ ခရီးသွားများ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်သော လှုပ်ရှားမှုများကို ပေါင်းစပ်ပြီး ခရီးစဉ်များရေးဆွဲ ဖော်ဆောင်ကြရန် လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဘုရာဖူးခရီးသွားလုပ်ငန်း၊ အပန်းဖြေ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် အခြားခရီးသွားလုပ်ငန်းအမျိုး အစားများကို ဖော်ဆောင်နိုင်ကြောင်း၊ စာရင်းဇယားများအရ မကွေးတိုင်းဒေသကြီးအတွင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား ဝင်ရောက်မှု ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သကဲ့သို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ဈေးကွက်မြှင့်တင် ကြော်ငြာရေး လုပ်ငန်းများကိုလည်း အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကျယ်ပြန့်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ (၁၂) လရာသီ ပွဲတော်ပြက္ခဒိန်ရေးဆွဲပြီး ခရီးသွားများကို ဆွဲဆောင်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး၊ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖြစ်စေရေးအတွက် စီးပွားရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်တို့ကို အခြေခံပြီး ဖော်ဆောင်နိုင်ရေးနှင့် မကွေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားထုတ်ကုန်များ၊ ခရီးသွားဆွဲဆောင်ရာ နေရာများ ဖော်ထုတ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ရောက်ရှိမှု အခြေအနေများ၊ ခရီးသွား မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကပြဖျော် ဖြေပေးခဲ့ကြသော အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဒေသထွက် အစားအစာများနှင့် ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါဖိုရမ်၏ ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်ပညာရှင်များက ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းစဉ်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးစဉ်ဒေသတိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး အဖွဲ့ (၄) ဖွဲ့ခွဲကာ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်