နေပြည်တော် ဩဂုတ် ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် မင်္ဂလာအဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ ( Tea for Harmony Yaji Cultural Salon) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသား စီမံခန့်ခွဲမှုဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများ၊ ယူနန်ပြည်နယ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် Ms. Wang Jiaghong နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က အမှာစကားပြောကြားသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်တွင်“တရုတ်ရိုးရာ လက်ဖက်ခြောက် ပြုလုပ်ခြင်းနည်းပညာနှင့် ဆက်စပ်လူမှုရေး အလေ့အထဓလေ့ထုံးတမ်းများ” ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာတစ်ဝန်းတွင် လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုသည် လူအများစိတ်ဝင်စားမှုရရှိခဲ့သည်ကို သိရှိရပါကြောင်း။ 
အလားတူ မြန်မာနိုင်ငံတွင်လည်း လက်ဖက်အစို၊ လက်ဖက်အခြောက်များကို အသုံးပြုသည့် လက်ဖက်ရည်ကြမ်းသောက်သုံးခြင်း၊ လက်ဖက်သုပ်စားခြင်းစသည့် အလေ့အထများရှိသည့်အတွက် တူညီသည့် ယဉ်ကျေးမှုများရှိပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည့် မောင်းနှင်အားတစ်ခုဖြစ်ပါကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအကြောင်း ပိုမိုသိရှိလာစေပြီး မြန်မာ-တရုတ် နှစ်နိုင်ငံမှပြည်သူများအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းမှ အကျိုးအမြတ်ရရှိစေရန် အကောင်းဆုံး အခွင့်အလမ်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် ထိရောက်ပြီး အပြန်အလှန်အကျိုးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ယူနန်ပြည်နယ်၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် Ms. Wang Jiaghong ကအမှာစကားပြောကြားပြီး ယူနန်ပြည်နယ် သီချင်းများ၊ ရိုးရာဝတ်စုံများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မြန်မာ့ရိုးရာသီချင်း၊ ရုပ်သေးအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ယူနန်ပြည်နယ်ခရီးသွားမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခင်းကျင်းပြသထားသည့် ယူနန်ပြည်နယ် ဒေသထွက်ကုန်များနှင့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းရှီးပြည်နယ်၊ ချန်ကျိမြို့၌ ဩဂုတ် ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ အာဆီယံ-တရုတ် ရက်သတ္တပတ် (ASEAN-China Week-ACW 2024) သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ တရုတ်နိုင်ငံချန်ကျိမြို့သို့ လေကြောင်းခရီး စဉ်ဖြင့်ထွက်ခွာသွားကြသည်။
သတင်းစဉ်