နေပြည်တော် စက်တင်ဘာ ၂၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ဘာသာရေးနှင့်ယဉ်ကျေးမှု အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများ တိုက်ရိုက်ပျံသန်းပြေးဆွဲရေး၊ မြန်မာ - အိန္ဒိယ - သီရိလင်္ကာ - နီပေါ Buddhist Circuit ဗုဒ္ဓဘာသာဘုရားဖူးခရီးစဉ်များ အကောင်အထည်ဖော်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ(MoU)ကို ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံအစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်အတွက် အွန်လိုင်းအစည်းအဝေးများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်


