နေပြည်တော် စက်တင်ဘာ ၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (CTD) သင်တန်းကျောင်းသို့ သွားရောက်ကာ  ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များကို အလုပ်အကိုင် အခွင့်လမ်းများ ရရှိစေရန်ရည်ရွယ်၍ မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံမုန့်ဖုတ်နည်း သင်တန်းအမှတ်စဉ် (၂)သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင် နှင့် ရန်ကုန်ရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးနန္ဒအောင် တို့က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သင်တန်းများဖွင့်လှစ် ထားမှု များ၊ မဲခေါင်-လန်ချန်း စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အခြေခံမုန့်ဖုတ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေနေမှု ၊ ယခုလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဓါတ်ပုံပြိုင်ပွဲပြုလုပ်မှုနှင့် စပ်လျဉ်း၍ ရှင်လင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ သင်တန်းကျောင်း၏ စာသင်ခန်းမကြီးနှင့် ပြိုင်ပွဲဝင်များ၏ ဆုရဓါတ်ပုံများ၊ အခြေခံမုန့်ဖုတ်နည်း စာတွေ့သင်ကြားနေမှုနှင့် သင်တန်းသားသင်တန်းသူများ လက်တွေ့မုန့်ဖုတ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အခြေခံမုန့်ဖုတ်နည်း သင်တန်းအမှတ်စဉ် (၂) သင်တန်းကို ဩဂုတ်၂၈ရက်မှစက်တင်ဘာ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားလျက်ရာ မုန့်အမျိုးအစား (၄၈) မျိုးအား နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံမုန့်ဖုတ်နည်း စာတွေ့လက်တွေ့ သင်ခန်းစာများကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးလျက်ရှိ ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်ဝန်ကြီးသည် ကန်တော်ကြီးဟိုတယ်တွင် ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းသင်တန်းကျောင်းသို့ သွားရောက်ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဟိုတယ်တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားမှုနှင့် ဟိုတယ်နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်