နေပြည်တော် အောက်တိုဘာ ၁၀ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အသက်မွေးပညာ သင်တန်းကျောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသော MHTi ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်း (MHTi- M Hospitality & Tourism Institute) သို့ လည်းကောင်း၊ ဗဟန်းမြို့နယ်၌ Yangon Global Enterprise က ဖွင့်လှစ်ထားသော YGE Training Center သို့လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းအတွင်း သင်တန်းသားများအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးနေကို လှည့်လည်ကြည့်ရှု အားပေးကာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ စနစ်တကျ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ နိုင်ငံတကာသုံး ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သင်တန်းကျောင်းများမှ ထွက်ရှိသော ထုတ်ကုန်များအား ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကိစ္စရပ်များကို  မှာကြားသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိ စင်္ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI) သို့ ရောက်ရှိပြီး သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ၊ ဟိုတယ်နှင့်ခရီးသွား ဘာသာရပ်ဆိုင်ရာ သက်မွေးသင်တန်းများ၊ သင်တန်းသားများအတွက် စာသင်ဆောင်နှင့် စာသင်ခန်းများ စီစဉ်ထားရှိမှု အခြေအနေများကို မေးမြန်းကာ ဟိုတယ်နှင့်ခရီးသွား ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သတင်းစဉ်
 

mdn