နေပြည်တော်  သြဂုတ် ၁၇

 

အာဆီယံ-တရုတ်ရက်သတ္တပတ်-၂၀၂၄ (ASEAN China Week) ကို အာဆီယံ-တရုတ်ဘက်စုံ မဟာ ဗျူဟာကျသောပူးပေါင်းဆောင်ရွက်မှု-ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်းရှီးပြည်နယ်၊ ချန်ကျိမြို့၊ ချန်ကျိဘင်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Changzhi Binhu Cultural and Tourism Services Center) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၁၁ ရက်တွင်  အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာ ရှီကျုံးကျွင့်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးနှင့် တရုတ် ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအကြောင်းများ ပိုမိုသိရှိရေးအတွက် ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုသည့်ကိစ္စ ရပ်များကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှန်ရှီးပြည်နယ်အစိုးရ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အာဆီယံ-တရုတ်ရက်သတ္တပတ် အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းများ ခင်းကျင်းပြသနေမှုများကို လိုက်လံကြည့်ရှုခဲ့ပြီး ညနေပိုင်းတွင် ရှန်းရှီးပြည်နယ်အစိုးရမှ တည်ခင်းကြိုဆိုဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

 

သြဂုတ် ၁၂ ရက်တွင် အာဆီယံ-တရုတ်ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တရုတ် ပြည့်သူ့သမ္မတနိုင်ငံ၊ CPC ရှန်းရှီးပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ရှန်းရှီးပြည်နယ် မြို့တော်ဝန် မစ္စတာကျင်းရှန်းကျွင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် လာအိုနိုင်ငံမှ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Khanbay Damlath၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ် ခေါင်းဆောင်များ၊ အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများ၊ အဆင်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးသံမှူးများ၊ ကျောင်းသားလူငယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်း မီဒီယာများ ပါဝင်တက်ရောက်ကြသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်းဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုများ အပြန်အလှန် ရရှိနိုင်ပါကြောင်း၊ ထို့အပြင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှုများနှင့် ဆက်သွယ်သွားလာမှုများ အပြန်အလှန် တိုးမြှင့်ခြင်းဖြင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများအပြင် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန်နားလည်မှုများ ပိုမိုတိုးတက်လာ နိုင်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြန်လည် အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် အစီအစဉ်ဒုတိယပိုင်းအဖြစ် အာဆီယံ-တရုတ်နိုင်ငံအကြား အရည်အသွေး ပြည့်ဝသောထုတ်လုပ်မှုများကို တွန်းအားပေးရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် “အာဆီယံ-တရုတ်သွင်းကုန်ထုတ်ကုန် ဝန်ဆောင်မှုပလက်ဖောင်း” ဖွင့်လှစ်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး ဗွီဒီယိုပြသခြင်း၊ အာဆီယံ-တရုတ်စင်တာ၏ အမှတ်တံဆိပ် လာဘ်ကောင်ဖန်တီးမှုဆုများ ချီးမြှင့်ခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များသို့ ပါဝင်တက်ရောက်ခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန်မျှဝေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှုများတွင် ခရီးသွားကဏ္ဍမှ ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးပြော ကြားခဲ့သည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ သံရုံးများက စီးပွားရေးဆိုင်ရာ အရာရှိများ၊ သံမှူးများက မိမိတို့၏နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ ကို ပါဝင်ဆွေးနွေးခဲ့ရာ မြန်မာသံရုံး၊ ပေကျင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ရရှိနိုင်မည့်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ အကျိုးခံစားခွင့်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံတွင် ဗွီဒီယိုများလွှင့်တင်ကြော်ငြာသော ဝက်(ဘ်)ဆိုဒ် မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် ဘီလီဘီလီ (bilibili) မှ ကိုယ်စား လှယ်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဗွီဒီယိုများကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

 

 ညပိုင်းတွင် အာဆီယံ-တရုတ်ရက်သတ္တပတ်အထိမ်းအမှတ်ဖြစ် တေးဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်အားပေးခဲ့သည်။

 

အာဆီယံ-တရုတ်ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများတွင် မြန်မာနိုင်ငံမှ အထင်ကရခရီးစဉ်ဒေသများနှင့် ယဉ်ကျေးမှုအနုပညာ များ၊ ယွန်းထည်ပစ္စည်းများနှင့် တရုတ်ဘာသာဖြင့် ရေးသားထားသော ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။  

(သတင်းစဉ်)