နေပြည်တော်၊ ဧပြီ ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့ ညနေပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့မှု၊ နှစ်နိုင်ငံ အစိုးရ - ပုဂ္ဂလိကများအကြား နီးကပ်စွာပူးပေါင်း၍ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှု၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် ကော်မရှင်တွင်ပါရှိသော နိုင်ငံများနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေး၊ ယင်းနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာအချက်အလက်များ မျှဝေနိုင်ရေး၊ ပင်လယ်ကမ်းရိုးတန်းနှင့် စပ်လျဉ်းသော ခရီးသွားလုပ်ငန်းများ၊ အားကစားနှင့် စွန့်စားခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး၊ ကော်မရှင်ပါနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ အဆင်ပြေလွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရေး ဆိုင်ရာကိစ္စ၊ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရေးနှင့် ငွေပေးချေမှု အဆင်ပြေစေရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် ဥရောပအာရှ စီးပွားရေးကော်မရှင်တွင်ပါဝင်သော နိုင်ငံများရှိ ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ အချင်းချင်းချိတ်ဆက်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ ဈေးကွက်မြင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြသည်။
သတင်းစဉ်