နေပြည်တော် ဒီဇင်ဘာလ ၁၃
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပထမအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံကို ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ညီလာခံသို့ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့၊ မဲခေါင်ခရီးသွားညှိနှိုင်းရေးရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် Fliggy, Intrepid, Japan Travel Bureau, Meta, Traveloka အစရှိသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရုပ်သံမီဒီယာများမှ ကိုယ်စားလှယ်များ စသည့် နိုင်ငံပေါင်း(၅၀)ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပထမအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်း၏ အရေးပါမှုများကို အလေးထားဆွေးနွေးရန်နှင့် နိုင်ငံအဆင့်၊ ဒေသတွင်းအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပထမအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ညီလာခံတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Pham Minh Chinh ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Nguyen Van Hung ၊ ဒုတိယဝန်ကြီး H.E. Mr. Ho An Phong, ကွမ်နမ်ပြည်နယ် ပြည်သူ့ကော်မတီ၏ Secretary၊ H.E. Mr. Luong Nguyen Minh Triet ၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Ms. Zoritsa Urosevic တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် မူဝါဒများချမှတ်ရေး၊ အကောင်းဆုံးခရီးသွားကျေးရွာများ ဖော်ဆောင်ရာတွင် ဒေသခံများ၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၏ဆက်နွယ်မှု၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရရှိနိုင်မည့် အခွင့်အလမ်းများ၊ ခရီးသွားကျေးရွာများ ဖော်ဆောင်ရာတွင် လူငယ်များ၏အခန်းကဏ္ဍ၊ စစ်မှန်သည့် ခရီးသွားအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်မှု၊ ကျေးလက်ခရီးသွားလုပ်ငန်းတွင် ဒီဂျစ်တယ်၏ အခန်းကဏ္ဍ အစရှိသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးခရီးသွားကျေးရွာအဖြစ် ရွေးချယ်ခြင်းခံရသည့် Tra Que စိုက်ပျိုးရေးကျေးရွာ၊ အိုးလုပ်ငန်းများ ဆောင်ရွက်သည့် Thanh Ha ကျေးရွာနှင့် ဟွိုင်အန်း ရှေးဟောင်းမြို့များသို့ သွားရောက်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ထားသည့် ဟွိုင်အန်းဟင်းလျာများ ချက်ပြုတ်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု၊ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်း ရိုးရာအိုးလုပ်ငန်းများနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟွိုင်အန်းမြို့ဟောင်းရှိ အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေးမှု အဆောက်အဦများ၊ ဗိသုကာလက်ရာများ၊ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ Cau ဘုရား၊ စဉ့်ထည်ပြတိုက်နှင့် လက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံမှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


