နေပြည်တော် ၊ ၃၀ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ်လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်းများ စီမံခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် ဖြင့်ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၂၀ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၏ အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်ရင်း ၂၀၂၁ ခုနှစ် နှစ်သစ်ကိုကြိုဆိုကာ မိမိတို့၏ လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးတွင် ကျန်းမာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်များ ထိခိုက်နစ်နာမှုများရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများရှိသည့်အတွက် ကုစားနိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် နည်းလမ်းများကို သုံးသပ်ရန်လိုအပ်ပါကြောင်း။
ကိုဗစ်-၁၉ ကြောင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသော်လည်း ဒီဂျစ်တယ်နည်းပညာ တိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးချသည့် ဥပမာတစ်ခုအနေဖြင့် မိမိတို့ဝန်ကြီးဌာနတွင် Trade Net 2.0 အွန်လိုင်းပလက်ဖောင်းကို တည်ထောင်ထားရှိပြီး ပို့ကုန်/ သွင်းကုန် လိုင်စင်များကို အွန်လိုင်းမှလျှောက်ထားရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင် ပြည်ပပို့ကုန် တိုးတက်ရန် လိုအပ်သကဲ့သို့ ပြည်တွင်းကုန်သွယ်မှု မြန်ဆန်သွက်လက် ချောမွေ့နေရန်လို လိုအပ်ပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို တရားဝင်ဖြစ်ရန် ဆောင်ရွက်နိုင်ပါက ပို့ကုန်/သွင်းကုန်သည် ရာခိုင်နှုန်းများစွာ တိုးတက်လာမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိကကဏ္ဍအား လွတ်လပ်စွာ လုပ်ပိုင်ခွင့်များ ဖန်တီးပေးခဲ့ပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြစ်စေရန်အတွက် ထိန်းကျောင်းပေးသွားရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ခိုင်မာအား ကောင်းစေရန် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများအနေဖြင့် အစိုးရ၏မူဝါဒကို အလေးထားပြီး ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ တစ်ဖက်တစ်လမ်းမှ ပါဝင်အကျိုးပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာန၏ မူလတာဝန်များအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ Ease of Doing Business ဆိုင်ရာ လုပ်ငန်းစဉ်များ၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန် တည်ထောင်အကောင်အထည်ဖော်ရေး စသည့် ကိစ္စရပ်များကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားရန် အရေးကြီးပါကြောင်း၊ အမှုထမ်း၊ အရာထမ်း လူငယ်များကို သက်ဆိုင်ရာပညာရပ်များ လေ့လာဆည်းပူးခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ပေးရန်နှင့် အထက်အောက်အဆင့်ဆင့် အပြန်အလှန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ လူငယ်များ၏ လေ့လာမှု၊ အတွေ့အကြုံနှင့် ဆန်းသစ်သော အတွေးအမြင်များကို နားထောင်ပေးရန် လိုအပ်သကဲ့သို့ လူကြီးများ၏ လမ်းညွှန်မှုကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ထိတွေ့မှုအများဆုံးဝန်ကြီးဌာနဖြစ်ပြီး ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းရာတွင် ထိရောက်သောပံ့ပိုးမှုများ ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူရပါကြောင်း၊ “စီးပွားကူးသန်း ရှေ့သို့လှမ်း” ဟူသော မိမိတို့ဝန်ကြီးဌာန၏ ဆောင်ပုဒ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်နှင့် “စီးပွားကူးသန်းရှေ့သို့လှမ်း၊ ကြိုးပမ်းဆောင်ရွက် ပြည်သူ့အတွက်” ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တင်ပြချက်များအပေါ် သုံးသပ်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


