စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာရှိ တောင်သူဦးကျော်လွင်၏ သခွားမွှေးခြံ၌ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖရဲသခွားမွှေးကို ပြည်ပဈေးကွက် လိုအပ်ချက်ရှိပါက တင်ပို့နိုင်ရေးအတွက် ဈေးကွက်၏ သတင်းအချက်အလက်များကို သိရှိရန်နှင့် မိမိနိုင်ငံတွင် ဈေးကွက်ဖြစ်ပေါ်လာစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော သခွားမွှေးစိုက်ပျိုး ထုတ်လုပ်သူတောင်သူများက ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု န်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များ၏ လိုအပ်ချက် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းလျက်ရှိပါကြောင်း၊ မုံရွာဒေသသည် ပဲမျိုးစုံနှင့် သီးနှံမျိုးစုံ ထွက်ရှိရာဒေသဖြစ်ပြီး ထွက်ရှိသော သီးနှံများကိုလည်း နိုင်ငံတော်က လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချခွင့် ပြုထားပါကြောင်း။
သက်ဆိုင်ရာသီးနှံအလိုက် အသင်းအဖွဲ့များ၊ ဇုန်များ၊ ဌာနအစုအဖွဲ့များအဖြစ် ဖွဲ့စည်းပေးထားပြီးဖြစ်ပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်ရရှိရေးနှင့် ထွက်ရှိသော သီးနှံများ အရည်အသွေးကောင်းမွန်စေရန် အသင်းအဖွဲ့အချင်းချင်း တိုင်ပင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထွက်ရှိသည့် သီးနှံကို ကုန်ကြမ်းအတိုင်း ရောင်းချမည့်အစား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်တင်ပို့ရောင်းချပါက အကျိုးအမြတ် ပိုမိုရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(မောင်မင်းနိုင်)