နေပြည်တော် ၃၁ ဇန်နဝါရီ
ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အထူးအဖွဲ့အနေဖြင့် နိုင်ငံ၏ ပို့ကုန်များနှင့် ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံစီးပွားရေးတွင် ပို့ကုန်သည် အဓိကကျသကဲ့သို့ သွင်းကုန်သည်လည်း အရေးကြီးပါကြောင်း၊ ပို့ကုန်တင်ပို့မှုတွင် တိုးတက်လျက်ရှိသကဲ့သို့ သွင်းကုန်တင်သွင်းမှုတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကြမ်းပစ္စည်းတင်သွင်းမှု၊ နည်းပညာနှင့် အခြေခံအဆောက်အဦအတွက် ကုန်ပစ္စည်းများ တင်သွင်းမှုတို့ကို တိုးမြှင့်တင်သွင်းနေပါကြောင်း၊ ခရီးသွားကဏ္ဍအတွက် စားသောက်ကုန်များ၊ လူသုံးကုန်များ ပိုမိုတင်သွင်းနေရကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုပမာဏတွင် သွင်းကုန်က ပိုမိုများပြားနေပါကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးမူဝါဒများကိုလိုက်၍ နိုင်ငံ၏ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်မှုရှိတတ်ကြောင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စပ်လျဉ်းပြီး ဖြေလျှော့မှုများကို နိုင်ငံတော်၏ စီးပွားရေး မူဝါဒနှင့်အညီ တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပို့ကုန်မြှင့်တင်ရေးကို အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ကဏ္ဍအဖြစ် ပါဝင်သော ဆန်စပါးကဏ္ဍ၊ ထပ်မံဖြည့်စွက်မည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ၊ အခြားပို့ကုန်တွင် အားထားရသည့် ပြောင်းသီးနှံကဏ္ဍများနှင့် စပ်လျဉ်း၍ လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရေး ဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ဆန်တင်ပို့မှုအား တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆွေးနွေးကြရန်လိုအပ်ပါကြောင်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တင်ပို့မှုကဏ္ဍ၌ တိုးတက်မှုများ သိသာစွာတွေ့မြင်နိုင်ပါကြောင်း၊ ပြောင်းတင်ပို့မှုသည်လည်း တိုးတက်နေသည့်အပြင် ပြည်တွင်းမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သဖြင့် ဈေးကွက်တိုးချဲ့ရေးသည် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များက ပို့ကုန်တိုးတက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရမည့် အချက်များ၊ စိန်ခေါ်မှုများ၊ အားသာချက်များနှင့် အားနည်းချက်များကို ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)