နေပြည်တော် ၆ အောက်တိုဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယမန်နေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ကချင်ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ပိုက်တီကုန်သွယ်ရေးစခန်းကို နိုင်ငံ တကာအဆင့်မီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်၏ စီးပွားရေးသည် အခြားပြည်နယ်များ ထက် ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ များစွာရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်စီးဆင်းနေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရာတွင် တွေကြုံရသည် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ်ပေးကြသည်။
(သတင်းစဉ်)


