နေပြည်တော် ၂၁ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် နှင့် ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား Video Conferencing ဖြင့် ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလ အတွင်း စီးပွားရေး၊ လူမှုရေး ထိခိုက်မှုများအား ပြန်လည်တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် မတ်လမှစ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်ကော်မတီဖွဲ့စည်းပြီး အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စီးပွားရေးအပါအဝင် အခြားကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိကာလတွင် နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ဂိတ်များတွင် ကန့်သတ်ထိန်းချုပ်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ပွား လျက်ရှိရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ပုပ်သိုး ပျက်စီးလွယ်သည့် သစ်သီးဝလံများ၊ ဆန်၊ ပဲ၊ ပြောင်းနှင့် ကျွဲနွားတိရစ္ဆာန်များ တင်ပို့မှုတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးကို အလေးထား ဆောင်ရွက်သွားလိုကြောင်း ဆွေးနွေးသည်။
ယင်းနောက် နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မူဆယ် - ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော်မှုကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကနြ်အောက်ရှိ နှစ်နိုင်ငံအကြား ချောမွေ့သော ကုန်သွယ်မှုမြှင့် တင်ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းပြီးဖြစ်ရာ နှစ်နိုင်ငံအကြား အစည်းအဝေးများ ကျင်းပပြီး ကုန်သွယ်မှုတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရေးဆိုင်ရာ ကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


