နေပြည်တော် ၁၃ မတ်
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နှစ်နိုင်ငံ ပူးတွဲညှိနှိုင်းရေးကော်မတီ၊ ပူးတွဲအကောင်အထည်ဖော်မှု ကော်မတီ၊ ပူးတွဲအုပ်ချုပ်မှု ကော်မတီများတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေးအတွက် ဆွေးနွေးအကြံပြုကြရန်၊ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်သော မူဘောင်သဘောတူစာချုပ် ဆွေးနွေးမှုလုပ်ငန်းစဉ်များ လျင်မြန်တိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ ဆွေးနွေးမှုလုပ်ငန်းစဉ်များ တိုးတက်စေရေးအတွက် လိုအပ်သည်များ ဆွေးနွေးအကြံပြုကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်း(၃)ခုဖြစ်သော မြစ်ကြီးနား စီးပွားရေးဇုန်၊ ဝိုင်းမော်မှ (၁၃)ကီလိုမီတာ အကွာတွင် ဆောင်ရွက်မည့် ကုန်စည်ဖလှယ်ရေးဇုန်၊ ကန်ပိုက်တီး စီးပွားရေးဖွံ့ဖြိုးမှုဇုန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထူးက ဇန်နဝါရီ ၁၈ ရက်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သော မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU အရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည် ဖော်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် နှစ်နိုင်ငံ သဘောတူညီချက်များအရ ဖွဲ့စည်းတာဝန်ပေးအပ်ရမည့် နှစ်နိုင်ငံ ပူးတွဲကော်မတီများတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ပေးအပ်ရန် လျာထားမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်