နေပြည်တော် ၁၅ မတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟို ဌာန (Myanmar International Trade Center - MITC) ၌ မြန်မာ့ပို့ကုန်ပြခန်းများနှင့် 1st Myanmar Startup Show ပြခန်းများကို ကြည့်ရှုစစ်ဆေးသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (MITC)ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးတွင် ဖွင့်လှစ်ခဲ့ရာမှ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ကုန်သွယ်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ခေတ်နှင့်အညီ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ် (Public Private Partnership - PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အဆင့်မြှင့်တင်ပြောင်းရွှေ့ ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် မြန်မာ့ထုတ်ကုန်ပြခန်းများ၊ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အထောက်အကူပြု နိုင်ငံတကာအဖွဲ့အစည်းများမှ ရုံးခန်းများ ဖွင့်လှစ်ထားသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိရန် ကူညီပံ့ပိုးရေးဌာန (Ease of Doing Business) ၊ ပို့ကုန်လုပ်ငန်းရှင်များ ကူညီ ဆောင်ရွက်ပေးရေးဌာန(Exporter Help Desk)၊ ပြည်ပနိုင်ငံများ၏ ဈေးကွက် သတင်းရှာဖွေ ဆောင်ရွက်ပေးရေးဌာန၊ Young Exporter Club များဖြင့် ဖွဲ့စည်းထားသည်။
ထို့အပြင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသည် ပို့ကုန်မြှင့်တင်နိုင်ရေး အတွက် ပြည်တွင်းမှ လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ချိတ်ဆက်ပေးနိုင် ရေး စသည့်ကဏ္ဍများကို အဓိက ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံ ပို့ကုန်မြှင့်တင်ရေး ကဏ္ဍတွင် အရေးပါသော ဗဟိုဌာနကြီး တစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


