နေပြည်တော် ၅ ဩဂုတ်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်ထူးနှင့် အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် အရည်အသွေးပြည့်မီသည့် မြန်မာ့ရော်ဘာများ တင်ပို့နိုင်ရေးအတွက် နည်းပညာဆိုင်ရာ အထောက်အကူများကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းပြီးဖြစ်ကြောင်း၊ ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြားလိုအပ်ချက်များဖြစ်သော ဓာတ်ခွဲခန်းဝန်ထမ်း ထပ်မံဖြည့်တင်းရေး၊ ဓာတ်ခွဲခန်းအဆောက်အဦ တိုးချဲ့ရေးတို့ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကဏ္ဍတွင် ပါဝင်ဆောင်ရွက်သူများအားလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာစိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် TSR စက်ရုံများ၏ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်စေရေးအတွက် ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေးအတွက် လိုအပ်သော ထိန်းကျောင်းမှုများ ဆောင်ရွက်သွားနိုင်ရန် နှီးနှောဖလှယ်ပွဲ (Forum) တစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပသွားနိုင်ရေးတို့အပါအဝင် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA ကဲ့သို့သော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်၍ နည်းပညာအကူအညီများ ရယူဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာ့နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုး၍ မြန်မာ့သဘာဝရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း (MNRQTL) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) တွင် တည်ထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် မလေးရှားရော်ဘာဘုတ်အဖွဲ့ (MRB) မှ ဓာတ်ခွဲခန်းအား Audit လာရောက်စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဝင်ဓာတ်ခွဲခန်းများ၏ သဘာဝရော်ဘာ အရည်အသွေးစမ်းသပ်ခြင်း အရည်အချင်းစစ်ဆေးမှု အစီအစဉ်များ (Round Robin Test (or) Proficiency Test) ပါဝင်ဖြေဆိုခဲ့ရာ PT Series (၄) ကြိမ်ဆက်တိုက် အောင်မြင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ရော်ဘာအသင်း (International Rubber Association - IRA) အသိအမှတ်ပြုလက်မှတ်ရ ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်