နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကယှဉ်ပြိုင်မှုနည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း ကော်မရှင်အစည်းအဝေးများကို ပုံမှန်ကျင်းပလာခဲ့ရာ ပဥ္စမအကြိမ်ရောက်ရှိ လာခဲ့ပြီဖြစ်သကဲ့သို့ ကော်မရှင်၏ သက်တမ်းမှာလည်း တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း၌ ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် လေ့လာသင်ယူခဲ့ရမှုများ၊ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှ ရှေ့ဆက်ဆောင်ရွက်ရန် အစီအစဉ်များကို ပိုမိုသိရှိလာကြကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များဘက်ကလည်း ယှဉ်ပြိုင်မှုဥပဒေနှင့် ယှဉ်ပြိုင်မှု ကော်မရှင်အကြောင်းကို ပိုမိုသိရှိလာကြပြီး စုံစမ်းမေးမြန်းမှုများ၊ လာရောက်ဆွေးနွေးတင်ပြမှုများ၊ တိုင်ကြားမှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မရှင်အနေဖြင့် ကဏ္ဍအလိုက်ထိန်း ကျောင်းအကောင်အထည်ဖော်နေသည့် အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ဖို့ကိုလဲ အလေးအနက်ထား စီမံဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ၊ တိုင်ကြားမှုများအပေါ် ဖြေရှင်းပေးမှု၊ အသိပညာပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်ပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများကို ညှိနှိုင်းချမှတ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကို ကျင်းပရာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်