နေပြည်တော် ၂၂ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့အခြေစိုက် မလေးရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Zahairi Baharim အား ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းနိုင်ရန်၊ အလားအလာရှိသော နယ်ပယ်များနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင် ရန်တို့အတွက် နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်ပမှ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် အခြေချဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံရှိ လေဆိပ်များ၌ လေဆိပ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လေဆိပ်များအား ခရီးသည်ပို့ဆောင်ရေးအပြင် စီးပွားရေးဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအဖြစ် တွင်ကျယ်စွာ အဆင့်မြှင့်တင်အသုံးပြုနိုင်ရေး၊ မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီပေးရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်မည့် အစီအစဉ်များအား ကူညီပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)