နေပြည်တော်၊ ၂၄ ဒီဇင်ဘာ   

 

Korea Desks ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က Video Message ပေးပို့၍ အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် အကန့်အသတ်များ ကြုံတွေ့နေရသည့် အခြေအနေကြားမှ Korea Desk အား ဖွင့်လှစ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံမှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း။

 

ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံဘက်မှ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (KOTRA) တို့အကြား Korea Desk ထူထောင်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း။

 

Korea Desk ထူထောင်သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသော ကိုရီးယားစီးပွားရေးလုပ်ငန်းများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ မျှဝေပေးရန်၊ ကိုရီးယားကုမ္ပဏီများ ကြုံတွေ့နေရသော အခက်အခဲများကို ကူညီပူးပေါင်းဖြေရှင်းပေးရန်နှင့် ညှိနှိုင်းဆွေးနွေး တိုင်ပင်နိုင်ရန်၊ ကိုရီးယားကုမ္ပဏီများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်၊ မြန်မာစီးပွားရေးလုပ်ငန်းများနှင့် ပို့ကုန်တင်ပို့သူများအတွက် ကိုရီးယားဈေးကွက် ရရှိရေးတို့အတွက် ပံ့ပိုးကူညီပေးရန် ဖြစ်ပါကြောင်း။

 

Korea Desk အနေဖြင့် ကိုရီးယားနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက်များ၊ လုပ်ငန်းလမ်းညွှန်များ မျှဝေပေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုပေးနိုင်မည် ဖြစ်သည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများ၊ အေဂျင်စီများနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ချိတ်ဆက်ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း။

 

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ၁၇ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သော်လည်း လယ်ယာကဏ္ဍ၊ နည်းပညာ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်ကဏ္ဍတို့တွင် ပိုမိုပူပေါင်းဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ကုန်စည်ကုန်သွယ်ရေးသာမက ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၁၅)နိုင်ငံပါဝင်သော ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အာဆီယံအပါအဝင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေးအတွက် အခွင့်အလမ်းဖြစ်ပြီး အလုပ်အကိုင်များလည်း ပိုမိုဖန်တီးပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ သို့သော် တစ်ဖက်တွင်လည်း စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှုများ ပိုမိုမြင့်တက်လာတော့မည်ဖြစ်၍ ပြည်တွင်းလုပ်ငန်းများအနေဖြင့် ကြိုတင်လေ့လာ၍ ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

Korea Desk (MYANTRADE) ကို ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ International Trade Centre (ITC) တွင်လည်းကောင်း Korea Desk (DICA) ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ One Stop Service (OSS) ရုံးတွင်လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံများအတွက် သတင်းအချက်အလက်များ ပံ့ပိုးပေးလျက်ရှိသည်။

 

အဆိုပါ Korea Desks ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဘက်မှ သမ္မတရုံး စီးပွားရေးအကြံပေး Mr. Park Bok-yeoung၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ KOTRA နှင့် KOCHAM တို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်