နေပြည်တော် ၁၅ ဒီဇင်ဘာ

အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) က ကြီးမှူးကျင်းပသည့် Partnership Summit 2020 ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အွန်လိုင်းမှ တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အခမ်းအနား၏ ရည်ရွယ်ချက်ဖြစ်သော “Partnerships for Lives, Livelihood and Growth” သည် လက်ရှိကာလ ကမ္ဘာ့အသိုက်အဝန်း၏ အခြေအနေကို ထင်ဟပ်နေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် အခြားအရေးကြီးသော ကဏ္ဍများပါ လွှမ်းခြုံပါဝင်နေသဖြင့် မိတ်ဖက်စီးပွားရေး အသိုက်အဝန်းများအကြား ပိုမိုခိုင်မာသော ဆက်သွယ်ဆက်ဆံရေးနှင့် စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှုအခွင့်အလမ်းများ ရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြုံတွေ့နေရသော ယနေ့အခြေအနေတွင် ဒီဂျစ်တယ်နည်းပညာအား ကုန်သွယ်မှုကဏ္ဍ၌ ပိုမိုအလေးထားအသုံးပြုလာကြသဖြင့် ဒီဂျစ်တယ်စီးပွားရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများနှင့် New Normal အခြေအနေအတွက် ပိုမိုဆန်းသစ်၍ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုပုံစံများကို မျှဝေဆွေးနွေးပေးစေလိုပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စ ဈေးကွက်များတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နေရသဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုကို ပိုမိုအားပေးမြှင့်တင်ပေးပြီး ခေတ်မီ ဒီဂျစ်တယ်နည်းပညာဖြင့် ထုတ်လုပ်မှု ကွင်းဆက်တွင် အဆင်ပြေချောမွေ့စေရေးနှင့် ပိုမိုခိုင်မာအားကောင်းသော စီးပွားရေး ပြန်လည်ကုစားနိုင်ရေးတို့အတွက် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ရေရှည်ကာလတွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးတို့အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP)ကို ရေးဆွဲဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေးကဏ္ဍတို့တွက် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများစွာရှိနေပြီး အခြားအရေးပါသော ကဏ္ဍများအနေဖြင့် ရေထွက်ပစ္စည်းလုပ်ငန်း၊ စွမ်းအင်၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)၊ အခြေခံအဆောက်အဦနှင့် သတင်းအချက်အလက် နည်းပညာတို့ပါဝင်ပါကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဖင်လန်နိုင်ငံ၊ Ministry of Development Cooperation and Foreign Trade  ဝန်ကြီး၊ သီရိလင်္ကာနိုင်ငံ၊ Ministry of Trade ၏ ဝန်ကြီး၊ ယူအေအီးနိုင်ငံ၊ Ministry of State for Foreign Trade  ဝန်ကြီး၊  အိန္ဒိယနိုင်ငံ၊ Ministry of Commerce and Industry, Railways, Consumer Affairs, Food & Public Distribution ဝန်ကြီး၊ Confederation of Indian Industry(CII) President၊ အိန္ဒိယနိုင်ငံ၊ Department for Promotion of Investment and Internal Trade, Ministry of Commerce and Industry  Secretary တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

Partnership Summit 2020 အား ဒီဇင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ (၄) ရက်အတွင်း Session (၄၀) ဖြင့် ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံပေါင်း (၁၆) နိုင်ငံမှ ဝန်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးအကဲ (၆၀) ကျော်၊ နိုင်ငံတကာကုမ္ပဏီများမှ CEO (၃၀) ကျော်နှင့် နိုင်ငံပေါင်း (၁၀၀) ကျော်မှ ကိုယ်စားလှယ် (၆၀၀၀) ကျော်တို့က အွန်လိုင်းမှ တက်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်