နေပြည်တော် ၁၂ ဇွန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ မြန်မာပြခန်းများတွင် မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးကာ ကုန်သည်လုပ်ငန်းရှင် များ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် Dianchi international Convention and Exhibition Center ၌ ကျင်းပသည့် တောင်နှင့်အရှေ့ တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ၂၀၁၉ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူး Mr. Chen Hao၊ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်းဆက်စကားပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် နှင့်အတူ ချင်းတောင် ရတနာကုမ္ပဏီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Sichuan Newstar Konijac Co., Ltd တို့အကြား ဝဥ နည်းပညာနှင့် အရည်အသွေးမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အရည်အသွေးမြင့် ဝဥခြောက် ရောင်းဝယ်ရေး နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၅ နာရီတွင် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa နှင့်အဖွဲ့နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် မြန်မာနိုင်ငံမှ ကုန်စည်ပြခန်း (၆၆) ခန်း၊ ကုန်သည်လုပ်ငန်းရှင် (၂၅၀) တက်ရောက်ခဲ့ပြီး ချင်းပြည်နယ်မှ ဝဥ နှစ်စဉ်တန်ချိန် (၅၀ဝ) ခန့်၊ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၅) သန်းခန့် ရောင်းဝယ်ရေးစာချုပ်နှင့် အခြားကုန်သွယ်မှု စာချုပ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)