နေပြည်တော်၊ ဧပြီ ၂၁
    
အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား (Barrier Free Tourism for All) အလုပ်ရုံ ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပ သည်။
    
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ အနေ ဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားနိုင်ရေးအတွက် မသန်စွမ်းမှုအခြေအနေအလိုက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုလည်း ဖော်ဆောင်ပေးရ ရောက်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် မသန်စွမ်းသူများအတွက် အလွယ်တကူသွားလာနိုင်ရေး အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တို့တွင်လည်း အဆင်ပြေချောမွေ့စေရေး စီစဉ်ဆောင် ရွက်ပေးသွားရန်လိုအပ်ကြောင်း။
    
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် (၆၀) နှင့်အထက် သက်ကြီး ရွယ်အို ဦးရေ (၄ ဒသမ ၅) သန်းရှိသဖြင့် ယခုကဲ့သို့ Barrier Free Tourism ကို အကောင် အထည် ဖော်ဆောင်ရွက် ခြင်းဖြင့် လူမှုရေးအကျိုးအမြတ်သာမက စီးပွားရေးအကျိုး အမြတ်ပါ ရရှိနိုင် မည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၏ လိုအပ် ချက် များကို သိရှိနိုင်ရေး အတွက် ၎င်းတို့၏ အကြံဉာဏ်များကို ရယူခြင်း၊ သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ကြသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း Barrier Free Tourism အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိုကဲ့သို့ နမူနာရယူထည့်သွင်း ဆောင်ရွက်ပြီး ဆက်စပ်အဖွဲ့ အစည်းများဖြင့် လည်း ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် Barrier Free Tourism အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
    
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က  ခရီးသွားလုပ်ငန်းဟုဆိုရာတွင် လူသားတို့အနေဖြင့် ၎င်းတို့နေထိုင်ရာ မူလဒေသမှ အခြားနေရာဒေသတစ်ခုသို့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး ရည်ရွယ်ချက်များဖြင့် သွားရောက် လည်ပတ်သည့်ကိစ္စရပ်ဖြစ်ပြီး ခရီးသွားဧည့်သည်ဟုဆိုရာတွင်လည်း တစ်နှစ်ထက် နည်းသော အချိန်ကာလအတွင်းခရီးသွားလာခြင်းကိုဆိုလိုပါကြောင်း၊ ထိုမှတစ်ဆင့် ခရီးသွားဧည့်သည် အမျိုးအစားများခွဲခြားပြီး ခရီးသွားလုပ်ငန်းအမျိုးအစားများအလိုက် အဆင်ပြေစွာ သွားလာလည်ပတ် နိုင်ရေးကို ဆောင်ရွက်လာကြရာမှ နောက်ပိုင်းတွင် မသန်စွမ်းခရီးသွားများအတွက်ပါ လွယ်ကူ အဆင်ပြေစွာသွားလာနိုင်ရန် ထည့်သွင်းစဉ်းစားလာခဲ့ပါကြောင်း။
 
ယနေ့ အလုပ်ရုံဆွေးနွေးပွဲက ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်း နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ဆရာ/ ဆရာမများပါဝင်၍ လက်တွေ့ကျကျ တွင်တွင် ကျယ်ကျယ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ကနဦးအစီ အစဉ်အဖြစ် ဟိုတယ်/ အဆောက်အဦများတွင် မသန်စွမ်းခရီးသွားဧည့်သည်များ ကို ဝန်ဆောင်မှုပေး  အပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးစဉ်နေရာများတွင် လည်း ဗိသုကာ ဆိုင်ရာ အတားအဆီးများဖြေလျော့နိုင်ရန်အတွက် အစီအမံများ ထည့်သွင်းပြင်ဆင် ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ကြရာတွင်လည်း ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ကျန်းမာရေးဆိုင်ရာနှင့် ခရီးသွားကန့်သတ်ချက် အတားအဆီး များကိုလည်း သတိမူထည့်သွင်းစဉ်းစားကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အနေဖြင့် လွယ်ကူ ချောမွေ့စွာသွားလာနိုင်သော ခရီးသွားလုပ်ငန်း (Accessible Tourism) တွင် လုပ်ဆောင်သင့်သော အချက်များရေးဆွဲထုတ်ပြန်ထားရှိသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန တို့ကလည်း မသန်စွမ်း ခရီးသွားများအတွက် ဆောင်ရွက်သင့်သော အချက်များပါဝင်သည့် အစီအစဉ် များချမှတ် ရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် ခရီးစဉ်ဒေသများသို့ ခရီးသွားလာရန်ခက်ခဲသူများ အဟန့်အတားမဲ့ လွယ်ကူစွာ သွားလာလည်ပတ်နိုင်ရေးအတွက် Barrier Free Tourism Pilot Project ကို ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနတစ်ခုတည်းသာမက ဆက်စပ်ဌာနများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလို ပါကြောင်း ပြောကြားသည်။
    
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးရန်ဝင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦး၊ နေပြည်တော်ကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်တို့က ခရီးသွားလုပ်ငန်း တွင် မသန်စွမ်းခရီးသွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဆက်သွယ်မှုဆိုင်ရာ ကြုံတွေ့ရလေ့ ရှိသော အတားအဆီးများနှင့် ကန့်သတ်ချက်များ၊ အခွင့်အလမ်းနည်းပါးနေမှုများ၊ ပြုစုစောင့်ရှောက် ရေးဆိုင်ရာလုပ်ငန်းများ၊ ပြင်ဆင်ဆောင်ရွက်သင့်သည်များကို ကဏ္ဍအလိုက် နိုင်ငံတကာလေ့လာ ချက်များဖြင့် ရှင်းလင်းပြောကြားကြသည်။ 
    
ယင်းနောက် အဖွဲ့ (၄) ဖွဲ့ခွဲပြီး သက်ဆိုင်ရာခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးကာ အဖွဲ့ ကိုယ်စားလှယ်များက တင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြကာ အဖွဲ့ လိုက် ဆွေးနွေးမှုများအပေါ် သဘာပတိ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ ဆွေးနွေး ချက်ရ လဒ်များကို အခြေခံ၍ ဆောင်ရွက်ရမည့်အချက်များကို သုံးသပ်ဖော်ထုတ်တင်ပြကာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး သူများကို ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)