ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၅   

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး Mr. Maxim RESHETNIKOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည် တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ရုရှားနိုင်ငံသား ခရီးသည်များ မြန်မာနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ လာရောက် လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဏာမအမြင်ချင်း ဖလှယ်ဆွေးနွေးကြပြီး ငပလီကမ်းခြေသို့ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည်  ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် သံတွဲ မြို့နယ်၊ ငပလီကမ်းခြေရှိ Aureum Palace ဟိုတယ်၌ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)၊ ဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်က ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားခရီးသွားများသည် ပင်လယ်ကမ်းခြေ များကို နှစ်သက်ကြပါကြောင်း၊ ယခု ငပလီကမ်းခြေကိုလည်း အထူး နှစ်သက်ကြပါကြောင်း၊ ငပလီ ကမ်းခြေသည် ရေသန့်ရှင်းကြည်လင်ခြင်း၊ ဖြူလွှသော သဲသောင်ပြင် သာယာပြန့်ပြူးလှပခြင်းနှင့် ခရီးသွားများပြည့်ကျပ်မှုမရှိသော ပတ်ဝန်းကျင်ကို နှစ်သက်ကြပါ ကြောင်း၊ ထို့ကြောင့် ရုရှား ခရီးသွား များကိုဖိတ်ခေါ်၍ လည်ပတ်ကြခြင်းဖြင့် နိုင်ငံတော်နှင့်ဒေသ ခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်သူများဘက်ကလည်း ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်မှုများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထုတ်ကုန်များ မြှင့်တင်ရေးနှင့် အရေအတွက် များများ ထုတ်လုပ်ရောင်းချနိုင်ရေးတို့ကို  ကြိုးစားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) ဥက္ကဌနှင့် အသင်းအလုပ်အမှုဆောင် များက ခရီးစဉ်ဒေသ သန့်ရှင်းသာယာလှပရေး လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိနိုင်ရေးနှင့် ထိုက်သင့်သော ဖြေလျော့မှုများခွင့်ပြုပေးရေးတို့ကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်အတူ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Maxim RESHETNIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။

ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူထားရှိမှုများနှင့် နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာမူကြမ်း ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြား သည်။ 

ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက မကြာမီမှာ ရုရှားနိုင်ငံမှ ခရီးသည်များ လာ ရောက်လည်ပတ်ကြမည်ဟု ယုံကြည်ပါကြောင်း၊ အနာဂတ်စီမံကိန်းများတွင်လည်း အစိုးရ၊ ပုဂ္ဂလိက အဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာ သူများက ရုရှား ခရီးသည်များ မြန်မာနိုင်ငံသို့  အဆင်ပြေချောမွေ့စွာလာရောက် လည်ပတ်နိုင်ရေး အစီအမံများကို ဆွေးနွေးကြ သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးနှင့်  ကိုယ်စားလှယ်များကို ငပလီကမ်းခြေရှိ Amazing Ngapali Resort၊ Bayview Beach Resort နှင့် Sandoway Resort များသို့သွားရောက်၍ ဟိုတယ်အခန်းများနှင့် ဝန်ဆောင်မှုများကို ပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်