နေပြည်တော် မတ် ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ခရီးသွားဧည့်သည်များ စနစ်တကျ တည်းခိုနေထိုင်‌စေရေး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများ နှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန၊ နီလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းခရီးသွား ဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်သည့် အခါတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁) ရက် မှ စတင်၍ နိုင်ငံသားကတ် (မှတ်ပုံတင်) များ ပြသအစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများသို့ လာရောက် တည်းခိုမည့် ပြည်တွင်းခရီးသွားများကို နိုင်ငံသားကတ် (မှတ်ပုံတင်) များဖြင့် လက်ခံနိုင်ရေးအတွက် ရုံးခွဲတာဝန်ခံများအနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်သွားကြရန်နှင့် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်သည့် စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် (Guest List Management System-GLMS) ကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 

mdn

 

ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်လျက်ရှိသော ခရီးသွားဧည့်သည်များတွင် မသန်းစွမ်း ခရီးသွား ဧည့်သည်များလည်း ပါဝင်လျက်ရှိရာ အဆိုပါ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရေးအတွက် လွယ်ကူချောမွေ့စွာ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Accessible Tourism)၊ အတားအဆီးမဲ့ သွားလာနိုင်သောခရီးသွားလုပ်ငန်း (Barrier Free Tourism) တို့ကို ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသအချို့တွင် မသန်စွမ်း ခရီးသွားပြည်သူများအတွက် သွားလာရာတွင် အဆင်ပြေစေရန် ဆောင်ရွက်ထားမှု အချို့ရှိခဲ့ပြီးဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Tourism Pilot Project) ကို ရေးဆွဲဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ရုံးခွဲတာဝန်ခံများအနေဖြင့် ခရီးစဉ်ဒေသအားလုံးတွင် အဆိုပါစီမံကိန်း ဖော်ဆောင်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲတင်ပြသွားရန် လိုအပ်ပါကြောင်း၊ မကြာမီ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည့်အတွက် နိုင်ငံတကာခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများနှင့် Quarantine ဟိုတယ်များအားလုံး အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (HSP) များ လျှောက်ထား ရယူနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများက မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်