နေပြည်တော် စက်တင်ဘာ ၁၅

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို ကုစားမှုများပေးနိုင်ရေးအတွက် ဟိုတယ်များတွင် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို နိုင်ငံပိုင်မီဒီယာများနှင့် လူမှုကွန်ယက်မီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရေး ရုပ်သံရိုက်ကူးရေးဆောင်ရွက်နိုင်ရန် နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေ မန်နေဂျာများနှင့် Elite Technology မှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် ညီနောင်အသင်းများမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှုကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လိုက်နာလုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ဆောင်မှုနယ်ပယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ရောဂါ အနေအထားအား အမြဲလေ့လာစူးစမ်းပြီး ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများကိုသိရှိကာ တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ဧည့်သည်များလက်ခံရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့် ဟိုတယ်များအနေဖြင့် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူများ သိရှိနိုင်စေရန်အတွက် ယခုလို ရုပ်သံရိုက်ကူးရေးထုတ်လွှင့် အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရိုက်ကူးမည့်ရုပ်သံအား နိုင်ငံပိုင်မီဒီယာများ၊ Conference နှင့် အစည်းအဝေးများတွင် ပြသသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုက်ကူးရေးဆောင်ရွက်ရာတွင် ပြည်သူများ စိတ်ပါဝင်စားပြီး ဆွဲဆောင်မှုရှိသော အဆင့်တန်းမီမီ ရိုက်ကူးမှုဖြစ်နိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ရိုက်ကူးရေးနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဟိုတယ်များမှ ဦးစားပေးဌာနအလိုက် ရိုက်ကူးလိုမှု ၊ Social Media Copyright ရရှိလိုမှုနှင့် ရိုက်ကူးမှုမစမီ ကြိုတင်ချိတ်ဆက်ဆောင်ရွက်ပေးစေလိုသည့် အခြေအနေ၊ ရိုက်ကူးရေးတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ပေးမည့်အခြေအနေတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)