နေပြည်တော်၊ ဖေဖေါ်ဝါရီ ၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဖေဖေါ်ဝါရီ (၄) ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ခန်းမ၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စီမံကိန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမ၌ ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မကွေးမြို့ရှိ ဟိုတယ်များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ ယှဉ်တွဲပြီး လုပ်ငန်းများ လုပ်ဆောင်တတ်ရန် ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်ရှိ ပုဂ္ဂိုလ်များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုပါဝင်သည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ ရေတို/ရေရှည် မဟာဗျူဟာများဖြင့် စနစ်တကျ လုပ်ကိုင်ပါက ခရီးသွားဧည့်သည်များ စိတ်ဝင်စားပြီး လာရောက် လည်ပတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း၏ သဘောသည် တစ်ဦးတည်း ရပ်တည်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကွေးမြို့ရှိ ဟိုတယ်များအနေဖြင့် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်ပြီး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်ဒေသခံ ပြည်သူများအတူတကွ ညီညီညွတ်ညွတ် ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်များပေးအပ်ရာ ဟိုတယ်များကိုယ်စား ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ နန်းထိုက်သူဟိုတယ်ခန်းမ၌ မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသည့် ကျန်းမာရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းသို့ မကွေးတိုင်းဒေသကြီးရှိ ဟိုတယ်များမှ ဝန်ထမ်းများ တက်ရောက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့ နံနက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူးကျင်းပသည့် မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော် မုခ်ဦးဆိုင်းဘုတ် ဖွင့်လှစ်ခြင်း၊ အောက်ခြေတော်ရာ အလင်းပေါက် ဖန်အုပ်သျှောင်အား ဖွင့်လှစ်ခြင်းနှင့် ဗုဒ္ဓါဘိသက အနေကဇာတင် ပူဇော်ခြင်း၊ မန်းရွှေစက်တော်ဘုရားကြီး ဓါတ်လှေကားတာဝါနှင့် စင်္ကြန်လျှောက်လမ်း ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီ ဖွင့်လှစ်ခြင်းနှင့် ဗုဒ္ဓါဘိသက အနေကဇာတင် ပူဇော်ခြင်း၊ သုံးထပ်သာသနာ့ဗိမ္မာန်တွင် ရေစက်ချ အခမ်းအနားနှင့် ဆင်စခန်း (၃) နှစ်ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


