နေပြည်တော်၊ ဖေဖေါ်ဝါရီ ၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ၊ ပုဂံမြို့၊ Bagan Information & Training Center- BITC သို့ ရောက်ရှိပြီး ပုဂံ‌ညောင်ဦးဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။  

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနသည် ဝန်ဆောင်မှုပေးသောဌာန ဖြစ်သည့်အပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဟောင်းယဉ်ကျေးမှု အသွင်အပြင်နှင့် ပုံရိပ်များကို ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ကာကွယ်ထိန်းသိမ်းသွားရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်ပါကြောင်း၊ ပုဂံဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ  စိုက်ပျိုးရာတွင်လည်း ရှေးဟောင်းယဉ်ကျေးမှု ပုံရိပ်များဖုံးကွယ်မှုမရှိစေရေး ဂရုပြုဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပုဂံမြို့၊ Bagan Information & Training Center၌ ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များကို ပြသဆောင်ရွက်မည့်  Virtual Reality Tour ပြခန်းကို ပြည်ထောင်စု ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Aureum Palace Hotel & Resort ကျန်စစ်သား ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲ သို့ တက်ရောက်ပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ရာ Aureum Palace Hotel & Resort နှင့် Popa Mountain Resort Hotel မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး၊ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်များကို ပုဂံခရိုင် ထွေထွေအုပ်ချုပ်ရေးမှုးက ပေးအပ်ရာ ဟိုတယ်များကိုယ်စား ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဉက္ကဌ (ပုဂံဇုန်)မှ လက်ခံ ရယူသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိပြီး တောင်ကြီးဟိုတယ် ဧည့်ခန်းမ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အတွင်းတွင် အင်းလေးဒေသသည် သဘာဝ အမွေအနှစ်တစ်ခုဖြစ်ပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်ပါကြောင်း၊ အင်းလေးကန် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထု ပူးပေါင်းပြီး မျက်ခြေမပြတ် ကြည့်ရှုကာ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် အင်းလေးကန်အတွင်း ဗေဒါအမှိုက်များ ကင်းစင်စေရန်နှင့် ၎င်းကို သဘာဝမြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထုကို စည်းရုံး၍ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

သတင်းစဉ်