နေပြည်တော် အောက်တိုဘာ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများ၊ မြန်မာ နိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ဟိုတယ်ဇုန်ဥက္ကဌများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ်ခရီးစဉ်ဒေသ များသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် တည်းခိုပါကအဆင်သင့်ဖြစ်စေရေး ဟိုတယ်များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များ ဖွင့်လှစ်ရာတွင်လည်း ဤဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီး ဌာနများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားရှိသည့် Enchanting Myanmar Health & Safety Protocols နှင့်အညီ လိုက်နာကျင့်သုံးပြီး ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း။
ယခုအခါတွင် ဟိုတယ်များ၌ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး စံသတ်မှတ်ချက်များ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ လက်တွေ့ဝန်ဆောင် မှုပေးခြင်းများကို ပြသသော ရုပ်သံဗီဒီယိုရိုက်ကူးပြီးစီးပြီး မကြာခင် ထုတ်ဝေတော့မည်ဖြစ်ရာ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများရှိ TV Channel များ၊ ဧည့်ကြိုဆောင်ခန်းမ၊ စားသောက် ခန်းမ စသော မြင်သာ သည့် နေရာများတွင် ပြသနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအခါ ခရီးသွားပြည်သူများအနေဖြင့် ယခင်ကကဲ့သို့ ပျော်ပွဲရွင်ပွဲ/ ပွဲလမ်းသဘင် အစီအစဉ် များရှိမှသာ ခရီးသွားလာခြင်းမျိုး မဟုတ်ဘဲ စိတ်လက်အပန်းဖြေအနားယူနိုင်မည့် ခရီးစဉ် အသစ်အဆန်းများသို့ သွားရောက်လည်ပတ် လာကြသည့် သဘောရှိသည့်အတွက် တိုင်းဒေသ ကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဟိုတယ်ဇုန် ဥက္ကဌများအနေနှင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိမိတို့၏ ခရီးစဉ်ဒေသ စည်စည်ကားကား ဖြစ်စေရေး၊ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဧည့်သည်များကို ဝန်ဆောင်မှုပေးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Online မှ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီး/ ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ဟိုတယ်ဇုန်ဥက္ကဌများက ဟိုတယ်များ ဖွင့်လှစ် ထားရှိမှုနှင့် ခရီးစဉ်ဒေသအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ နယ်ပယ် (၇) မျိုးတွင် လုပ်ကိုင် ဆောင်ရွက်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ Online မှ Outsoursing သင်တန်းများဖွင့်လှစ်ထားရှိမှု၊ ခရီးစဉ်ဒေသ အသစ်များ ဖော်ဆောင် နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ် ဆေးအပြည့် အဝထိုးနှံနိုင်ရေး၊ Online သင်တန်းများကို ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းမှ ဝန်ထမ်းများ ထိထိရောက်ရောက် ပါဝင်တက်ရောက်ပြီး လက်တွေ့ဝန် ဆောင်မှုပေးနိုင် အောင် ဆောင်ရွက်ကြရေး၊ ခရီးစဉ်ဒေသအသစ်များနှင့် ခရီးသွားဆွဲဆောင်မှုအသစ်များ စနစ်တကျဖော်ထုတ်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)