နေပြည်တော် အောက်တိုဘာ ၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးတို့နှင့်အတူ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံသွားရာလမ်း ၆ မိုင်ခွဲတွင် တည်ရှိ သည့် Mandalay Water Boom သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု နှင့် Resort တည်ဆောက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးများ ကျင်းပနိုင်ရေး Conference Room နှင့် Meeting Service ဆောင်ရွက်ပေးစေလိုမှုနှင့် မြေဧရိယာကျယ်ဝန်းသဖြင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ ဖြည့်တင်းပေးသင့်ကြောင်း အကြံပြုပြောကြားသည်။
အဆိုပါ Mandalay Water Boom သည် (၁၈) ဧက ကျယ်ဝန်းပြီး Resort နှင့် Water Boom တွဲဖက်ဖွင့်လှစ်သည့် လုပ်ငန်းဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် ရေကစားသူများ အပန်းဖြေ အနားယူနိုင်ရန် အတွက်လည်း အခန်းပေါင်း (၆၀) ပါရှိသည့် Resort ကို တည်ဆောက်ထားရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားရာလမ်း (၁၃) မိုင်ရှိ ဒုဌဝတီမြစ်ကမ်းဘေးတွင် ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ လည်ပတ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် Valley View Point စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး ဒုဌဝတီမြစ်ကြောင်းတစ်လျှောက် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် (၁၃) မိုင်မှ (၃) မိုင် အတွင်းရှိ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်နေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်