ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပုဂံညောင်ဦးဒေသအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်၊ ဇွန် ၃၀

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သို့ သွားရောက်ကာ ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် အဆင်ပြေစေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည်များကို ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဂံမြို့၊ Bagan Information & Training Center သို့ ရောက်ရှိကာ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များကို ပြသဆောင်ရွက်မည့် Virtual Reality Tour ပြခန်းနှင့် ဝန်ဆောင်မှုပေးရန် ပြင်ဆင်ထားရှိမှုများကို ပုဂံရုံးခွဲတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ယင်းနောက် နန်းမြင့်မျှော်စင်သို့ သွားရောက်ကာ နိုင်ငံတကာနှင့် ဒေသတွင်း အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊  ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးလေဆိပ်၌ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော သတင်းပြန်ကြားရေး ကောင်တာသို့ ရောက်ရှိကာ ကောင်တာ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို တွေ့ဆုံ၍ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် အဆင်သင့်ဖြစ်နေစေရေး ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Heritage Bagan ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်အတွင်း ပြည်တွင်း/ ပြည်ပဧည့်သည်များကို စံချိန်စံညွှန်းများနှင့်အညီ ကောင်းမွန်စွာ ဝန်ဆောင်မှုပေးအပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သီရိပစ္စယာ ဆာကူရာဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများကို တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း/ ပြည်ပဧည့်သည်များ စိတ်ဝင်တစားလာရောက် လည်ပတ်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယင်းကိုအကြောင်းပြု၍ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ ပြပွဲများနှင့် ဆွေးနွေးပွဲများကို ပြုလုပ်နိုင်ပါကြောင်း၊ ထို့အတွက် ခရီးသည် လာရောက်ရေးတစ်ခုတည်းကိုသာမက မိမိဘက်မှ ပြည့်စုံသည့် အစီအမံများကို နည်းလမ်းရှာကြံ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်း (၇) ရပ်မှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများမှာ မိမိတို့ကိုယ်တိုင် ယုံကြည်မှုရှိသကဲ့သို့ ဧည့်သည်များဘက်ကလည်း မိမိတို့အပေါ် ယုံကြည်မှုရှိအောင် ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ ဝန်ဆောင်မှုပြုရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ခရီးသွားဧည့်သည်များ၏ အကြံပြုချက်နှင့် တိုင်ကြားချက် မှတ်တမ်းစာအုပ်များကို အီလက်ထရောနစ်စနစ်ကို အခြေခံ၍ QR Code များဖြင့် ဆောင်ရွက်ထားစေလိုပါကြောင်း၊ ပုဂံမြို့သို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်