နေပြည်တော် ဒီဇင်ဘာ ၆

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ကလောမြို့ Hill Top Villa Hotel ၌ ရှမ်း ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကလော ဇုန်) ဥက္ကဋ္ဌနှင့် ဟိုတယ်များမှ မန်နေဂျာများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ဗီဇမျိုးကွဲ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ဖြစ်ပွားနေသဖြင့် တစ်ဦးချင်း ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ဘေးကင်း လုံခြုံသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန် Health & Safety Protocol အစီအစဉ်အရ အမျိုးသားအဆင့်အသိ အမှတ်ပြု လက်မှတ်များ လျောက်ထားရယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ကြီးဌာနမှ စီမံဆောင်ရွက်ထားသော Website တွင် အမြန်ဆုံးလျောက် ထားရယူနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

 

ကလောမြို့၏ မြေယာအခင်းအကျင်း၊ သဘာဝအလှအပ စိမ်းလန်းစိုပြေ သာယာလှပမှုများကို ဝိုင်းဝန်းထိမ်းသိန်း စောင့်ရှောက်ပေးကြစေလိုကြောင်းနှင့်  ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။  

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ ရောက်ရှိပြီး  အင်းလေးကန်နှင့် ထိစပ်နေသော ဟိုတယ်များရှိ  ဗေဒါနှင့်ဒိုက်များ  ရှင်းလင်းဆောင်ရွက်ပြီးစီးမှုနှင့်  ငါးဖယ်ချောင်းကျေးရွာရှိ ဗေဒါမြေဆွေး ထုတ်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Aureum Palace Hotel ၌ Enchanting Myanmar Health and Safety Protocol (HSP) National Level အသိအမှတ်ပြုတံဆိပ် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန်အတွင်း ဗေဒါနှင့်ဒိုက်များ ကင်းရှင်းပြီး လည်ပတ်ချင်စရာကောင်းသော နေရာတစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် ဟိုတယ်မျက်နှာစာ အဝန်းအဝိုင်းအတွင်းနှင့် ရေလမ်းကြောင်းများတွင် ဗေဒါပင်များ ထပ်မံမပေါက်စေရေး မျက်ခြေမပြတ် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဗေဒါများကို စနစ်တကျ စုစည်း၍ မြေဩဇာအဖြစ် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးက Enchanting Myanmar Health and Safety Protocol (HSP) National Level အသိအမှတ် ပြုတံဆိပ် လျောက်ထားနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက Aureum Palace Resort နှင့် Myanmar Treasure Resort များမှ တာဝန်ရှိသူများအား ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသည့် ဝန်ဆောင်မှုပေးနိုင်သော (HSP) National Level အဆင့်အသိအမှတ်ပြု တံဆိပ်ပေးအပ် ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

mdn