နေပြည်တော် ဒီဇင်ဘာလ ၁၁  

သဘာဝအလှအပကို ကြည့်ရှုခံစားလိုကြသော ဧည့်သည်များ စိတ်ချမ်းမြေ့ ကြည်နူးကြစေရန်သာမက ပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးနှင့် အစဉ်သန့်ရှင်းသာယာ လှပရေးကိုပါ စနစ်တကျ စီမံဆောင်ရွက်စေလိုပါကြောင်း၊ ခရီးသွားများတစ်ဆထက် တစ်ဆပိုမိုလာရောက် လည်ပတ်လာပါက ဖြစ်ပေါ်လာနိုင်သည့် အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိုမှတစ်ဆင့် ကျန်းမာရေးထိခိုက် မှုမရှိစေရန်အတွက် အသိပညာပေးမှု၊ ကြီးကြပ်ထိန်းသိမ်းမှုနှင့် အခါမလပ်မပြတ် နှိုးဆော်ပြုပြင်မှုများကို အထူးအလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ယမန်နေ့ နံနက်ပိုင်းက ကလောမြို့နယ်၊ ရေယောင်းမကျေးရွာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသော ရေယောင်းမကျေးရွာ လူထုအခြေ ပြု ခရီးသွားလုပ်ငန်းနေရာသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောဂါးဒင်းဟိုတယ်သို့ ရောက်ရှိပြီး ကလောမြို့ရှိ ဟိုတယ်နှင့်ခရီးလုပ်ငန်းကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များကို တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကလောမြို့သည် မြန်မာနိုင်ငံ၏ အဓိက ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါ ကြောင်း၊ ယခုအခါ ကလောမြို့ကို ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်စီမံ ကွပ်ကဲ ပေးမှုကြောင့် မကြာခင်ကာလတွင် ကလောမြို့မှာ ခရီးသွားမြို့တော်အဖြစ် ပိုမိုထင်ရှား လူသိများ လာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဖြစ်ပေါ်လာအောင် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေမြို့ရှိ ဟူပင်ခေါင်တိုင် ဟိုတယ်သို့ရောက်ရှိကာ အင်းလေးကန်အတွင်း ဒိုက်ဗေဒါနှင့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိမှု၊ ကန်ရေပြင်နှင့်ထိစပ်နေသော ဟိုတယ်များ၏ ရေလမ်းကြောင်း အဝင်အထွက်များရှင်းလင်းထားရှိမှုတို့ကို စက်လှေဖြင့် လှည့်လည်ကြည့်ရှုသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန် ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင် ကွင်းတွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အင်းလေးကန် ဖြတ်စက်ဘီး စီးပွဲ တော်-၂၀၂၂ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုး ရအဖွဲ့ဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားကြပြီး သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ အဆိုပါ စက်ဘီးစီးပွဲ တော်တွင် စက်ဘီးစီးဝါသနာ ရှင် (၄၇၀) တို့က ကီလိုမီတာ ၃၀ နှင့် ၁၅ ကီလိုမီတာ ခရီးစဉ်တို့ကို စီးနင်းခဲ့ကြပြီး၊ ကီလိုမီတာ ၃၀ ၌ အင်းလေးကန်သို့ အရောက်တွင် စက်လှေတစ်စီးလျှင် စက်ဘီး(၅)စီး နှုန်းတင် ဆောင်၍ အင်းလေးကန်ကို ဖြတ်ကျော်ကာ ဆက်လက် စီးနင်းခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးတို့က ဆုများချီးမြှင့်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ရှိ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးစဉ်ဒေသဖွံ့ ဖြိုးတိုးတက်ရေး၊ ဒေသအတွင်း ပြည်တွင်း/ ပြည်ပခရီးသည်များ ပိုမိုလည်ပတ်လာရေး၊ အင်းလေးကန် သန့်ရှင်းသာယာ လှပရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်