ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်  ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အွန်လိုင်းသင်တန်းများတွင် ပါဝင်တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်

နေပြည်တော် မေ  ၁၈

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency-TICA) ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အွန်လိုင်းသင်တန်းများတွင် ပါဝင်တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားမှာ ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) ၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ်အတွက် ဖွင့်လှစ်ခဲ့သော သင်တန်းပေါင်း (၂၉) ခုအနက်ရှိ ခရီးသွားကဏ္ဍနှင့် ဆက်စပ်သောသင်တန်းများသို့ ဝန်ကြီးဌာနမှ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ သင်တန်းမှ လေ့လာသင်ယူချက်များအပေါ် ဗဟုသုတ အတွေ့အကြုံမျှဝေသော အစီအစဉ်ဖြစ်ပါကြောင်း။

 

သင်တန်းများမှ နိုင်ငံတကာလေ့လာချက်များကို သင်ကြားလေ့လာခြင်းသာမက ဝန်ကြီးဌာနက ထုတ်ပြန် ထားရှိသော မူဝါဒများ၊ လိုက်နာလုပ်ဆောင်သင့်သော အချက်များကို ပေါင်းစပ်ကာ အစဉ်အမြဲ အထူးဂရုပြု၍ လက်တွေ့၌ ဖြစ်နိုင်ချေရှိသည်များကို အကောင်အထည်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစီအစဉ်သို့ ပါဝင်တက်ရောက်ကြသူများအနေဖြင့်လည်း တင်ပြချက်များအပေါ် တက်ကြွစွာ ပါဝင် ကြိုးစားဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းများသို့ တက်ရောက်ခဲ့ကြသော ဝန်ထမ်းများက ကမ္ဘာ့ခရီးသွား လုပ်ငန်းအခြေအနေနှင့် ဦးတည်ချက်များ၊ ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ချက်များ ဈေးကွက်မြှင့်တင်ရေးကိစ္စရပ်များ၊ အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝ အခြေခံခရီးသွားလုပ်ငန်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစသော ခေါင်းစဉ် များကို နိုင်ငံတကာလေ့လာချက်များနှင့် နှိုင်းယှဉ်ကာ အသီးသီးဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား  ပြောကြားသည်။ အဆိုပါ သင်တန်းများမှာ ခေါင်းစဉ်အလိုက် ရက်သတ္တပတ် (၂) ပတ်ခန့် အွန်လိုင်းမှ သင်ကြား ပို့ချခဲ့သော သင်တန်းများဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)