နေပြည်တော်၊ ဧပြီ ၂၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လအလိုက်ရာသီပွဲတော်များ၊ ပြပွဲ/ ပြိုင်ပွဲများ၊ အခမ်းအနားများကျင်းပခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည်အစီအစဉ်များ ရေးဆွဲရေးဆိုင်ရာ” အစည်းအဝေးသို့တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများကို အစဉ်အမြဲသက်ဝင်လှုပ်ရှာနေပြီး ဆယ့်နှစ်လရာသီပွဲတော် များအဖြစ် ခရီးသွားများအတွက် လည်ပတ်စရာ ခရီးသွားဆွဲဆောင်မှုများ ဖြစ်နေစေရေး ပြင်ဆင်ကြရန်လိုအပ်ကြောင်း၊ ရှိနှင့်ပြီးသော ပွဲတော် များသို့ လာရောက်လည်ပတ်ခြင်းအပေါ် အခြေခံကာ အခြားခရီးသွားလုပ်ငန်း အမျိုးအစားများကိုလည်း ဆက်စပ်ဖော်ထုတ် ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဖော်ထုတ်ကြရာတွင်လည်း ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ် ကျေးမှုများအလိုက် ပြုလုပ်လေ့ရှိသော ရိုးရာပွဲတော်များကိုစုစည်း၍ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

နှစ်ပတ်လည် အစီအစဉ်များရေးဆွဲကြရာတွင် အစားအစာပွဲတော်များ၊ စျေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများကဲ့သို့ အမှန်တကယ် စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်သောပွဲတော်များကို ထည့်သွင်းစဉ်းစားကြရမည့်အပြင် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော ပွဲတော်များ၊ ရိုးရာ ဓလေ့များ၊ အမွေအနှစ်များကိုလည်း ထိန်းသိမ်းဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် ခရီးသွားဧည့်သည်များအတွက် အစားအစာများကအစ သန့်ရှင်းသပ်ရပ်ပြီး ဘေးကင်းစိတ်ချရသော ပတ်ဝန်းကျင်များနှင့် မိမိတို့ဖော်ဆောင်မည့် လှုပ်ရှားမှုများမှာ စိတ်ဝင် စားဖွယ်ကောင်းအောင် ဖန်တီးကြရန လိုအပ်ပါကြောင်း၊ အလားတူ မိမိတို့၏ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရေးကိုပါ အလေးထားပြင်ဆင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် လအလိုက် ကျင်းပလေ့ရှိသည့် ရာသီပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများ ကျင်းပခြင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် နှစ်ပတ်လည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြ ရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဒေသတွင်းအသင်းအဖွဲ့များဖြင့် ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကိုလိုက်နာပြီး အားလုံးပါဝင် ပူးပေါင်းဆောင်ရွက် သွားကြရေး တွန်းအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော  နယ်ရုံးခွဲတာဝန်ခံများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပလေ့ရှိသော လအလိုက် ရာသီပွဲတော်များ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများကျင်းပခြင်း၊ ခရီးသွားလုပ်ငန်းအမျိုး အစားများနှင့် ဆက်စပ် ဖော်ထုတ်သွားနိုင်မည့် ပွဲတော်များ၊ ထပ်မံဖော်ထုတ်သွားမည့် အစီအစဉ်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)