နေပြည်တော် ၁၀ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Stephan Sakalian နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ICRC အနေဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ ကြက်ခြေနီလှုပ်ရှားမှုအရ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခဲ့ရာမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာအရ ICRC အနေဖြင့်အရေးပေါ် လူသားချင်းစာနာကူညီမှုသာမက ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်မည့်အခြေအနေ၊ ICRC ၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရပ်စွန့်ခွာရသူများအတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းအတွေ့အကြုံနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး ပညာပေးဆောင်ရွက်မှု၊ ICRC အနေဖြင့် မိုင်းအန္တရာယ်လျှော့ချထားရေး လုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးလိုမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်


