နေပြည်တော် ၂၃ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အနေဖြင့် အရေးပေါ်အခြေအနေတွင် စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာ၌ စနစ်တကျနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသော အခြေခံလုပ်ငန်းစံသတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း) ရေးဆွဲမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အရေးအပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏ အခြေခံလုပ်ငန်းစံသတ်မှတ်ချက် (Standard Operation Procedure – SOP)(မူကြမ်း) ရေးဆွဲရခြင်းကို ရှင်းလင်းတင်ပြပြီး EOC မှ တာဝန်ရှိသူတစ်ဦးက EOC ၏ ပုံမှန်အခြေအနေတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေး အရေးပေါ် အခြေအနေတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ သဘာဝဘေး အရေးပေါ်အခြေအနေဖြစ်ပေါ်မှု နယ်မြေအနေအထား၊ ထိခိုက် ဆုံးရှုံးမှုပမာဏ၊ သဘာဝဘေးဖြစ်ပေါ်မှုကြောင့် ပြောင်းရွှေ့ရသည့် လူဦးရေ စသည့် အခြေ အနေများအပေါ် မူတည်၍ EOC အနေဖြင့် အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အဆင့်အလိုက် ဆောင်ရွက်နိုင်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ချက်များ၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ စံလုပ်ငန်းစဉ်သတ်မှတ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးမှာကြားကြပြီး အရေးအပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ ပုံမှန်အခြေအနေတွင် နေ့စဉ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အရေးအပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ အခြေခံလုပ်ငန်းစံ သတ်မှတ်ချက် (Standard Operation Procedure – SOP) (မူကြမ်း)ကို လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ယင်းမူကြမ်းကို အသုံးပြုလျက် အရေးပေါ်အခြေအနေ၌ EOC အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု ပုံစံအား ဌာနတွင်းလက်တွေ့စမ်းသပ်လေ့ကျင့်မှုအစီအစဉ်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)