နေပြည်တော် ၂၇  ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျှက်ရှိသော ကပ္ပလီ ပင်လယ်ပြင်တွင် ဧပြီ ၂၈ မှ ၃၀ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့် စပ်လျဉ်းသည့် ခန့်မှန်းချက်များအား ဆန်းစစ်နိုင်ရန်နှင့် ကြိုတင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန (EOC)၌ ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနမှ တာဝန်ရှိသူများက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ကမ္ဘာ့မိုးလေဝသ အင်တာနက်စာမျက်နှာများမှ ရရှိသော အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုအခြေအနေနှင့် မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းနိုင်မှု အခြေအနေတို့အား ဧပြီ ၂၅ ရက်တွင် ဦးစီးဌာန၏  Web Page ၌ အသိပေးထားရှိခဲ့မှု၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့် လေဖိအားနည်း ရပ်ဝန်းမှတစ်ဆင့် မုန်တိုင်းငယ်အဆင့်သို့ တိုးမြှင့်ဖြစ်ပေါ်နိုင်ခြေနှင့် မြန်မာနိုင်ငံသို့ ဖြတ်သန်းဝင်ရောက်နိုင်ခြေ တို့အား စဉ်ဆက်မပြတ် စောင့်ကြည့်မှုအခြေအနေ၊  မိုးလေဝသစင်တာကြီးများနှင့် European Centre for Medium-Range Weather Forecasts (ECMWF)၊   Global Forecast (GFS) သင်္ချာပုံစံပြု မိုးလေဝသခန့်မှန်းမှု မော်ဒယ် များအရ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပါက မေ ၂ ရက်မှ ၃ အတွင်း မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေနှင့် ခန့်မှန်း မိုးရေချိန်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖြစ်ပေါ်နေသောမိုးလေဝသ အခြေအနေများအပေါ် မူတည်၍ အချိန်နှင့်တပြေးညီ နေ့စဉ် ခန့်မှန်းထုတ်ပြန်ပေးလျက်ရှိသော မိုးလေဝသကြိုတင် သတိပေးချက် များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးများမှတစ်ဆင့် အသိပေး အကြောင်းကြားခြင်းနှင့် ကြိုတင်ပြင်ဆင်ရန်များ ပေါင်းစပ်ဆောင်ရွက်ခြင်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူမှုမီဒီယာများတွင် ကောလာဟလ ထုတ်လွှင့်မှုများကြောင့် ပြည်သူများ စိုးရိမ်မှုလွန်ကဲခြင်းမဖြစ်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ၊ မုန်တိုင်းငယ်အဆင့် ပြောင်းလဲနိုင်ခြေ၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု တို့အား တရားဝင်ထုတ်ပြန်ချက်များအပေါ် မူတည်၍  စောင့်ကြည့်လိုက်နာတက်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရန် ရှိသည်များအား ပြင်ဆင်ထားခြင်းဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအား လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ပြောင်းလဲခန့်မှန်းရသည့် မိုးလေဝသဖြစ်စဉ်များအား ကြိုတင်သတိ၊ အသိတို့ဖြင့်သာ ရင်ဆိုင်တုံ့ပြန်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းများ သည် မိုးဦးကာလဖြစ်သည့် မေလနှင့် မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလတို့တွင် မြန်မာနိုင်ငံကမ်းရိုးတန်း ဒေသအား ဖြတ်သန်းဝင်ရောက်လေ့ရှိသဖြင့် အထူးအလေးထား ပြင်ဆင်ကြရမည်ဖြစ်ကြောင်း။

 

အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းများ ဖြတ်သန်းလေ့ရှိသော လမ်းကြောင်းများ ဖြစ်ခြင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့သည် ယခင်မှတ်တမ်းများအရ မိုးသည်းထန်စွာရွာသွန်းချိန်၌ မြေပြိုမှု၊ ရေကြီးမှုဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် သက်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများအနေဖြင့် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအကြံပေး အဖွဲ့ဖြင့် Online Meeting ဆောင်ရွက်ကာ အကြံပြုမှုများအားထည့်သွင်းပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့်အချိန် ဖြစ်သဖြင့် သဘာဝဘေးအတွက် ယာယီနေရပ် ရွှေ့ပြောင်းရပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ အကွာအဝေးကွာခြားထားရှိရန်နှင့် ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ၊ ပါးစပ်စည်း၊ နှာခေါင်းစည်းများ အသင့်ထားရှိ ပံ့ပိုးနိုင်ရေးပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Quarantine Site များ ထားရှိသော ဒေသများ၌ သဘာဝဘေးဖြစ်ပါက မည်သို့ပြောင်းရွှေ့မည်၊ Cyclone Shelter/ Multi purpose Shelter တို့အား Social Distancing မည်သို့ရရှိအောင်ဆောင်ရွက်မည်တို့ကို ဒေသအလိုက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသည့်ဌာနများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသော နေရာများတွင် သဘာဝဘေးကျရောက်ပါက ထိခိုက်လွယ်အုပ်စုများ ဦးစားပေး ရွှေ့ပြောင်းရေး၊ IDPs များနှင့် တိုက်ပွဲရှောင်စခန်းများတွင် သဘာဝဘေးကျရောက်ပါက တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ် တို့အား ပြန်လည်စိစစ်ခြင်း၊ မွန်းမံပြင်ဆင်ခြင်းများ လိုအပ်သလို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များသို့  လိုအပ်သည့် အသိပေးအကြောင်းကြားစာများ ထုတ်ဝေခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ မိုးလေဝသအခြေအနေအား ဆက်လက်စောင့်ကြည့်ကာ လိုအပ်ပါက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်