နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မူလတန်းကြို ကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်နှင့်အဖွဲ့သည် မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာအရုပ်များကို ပေးဝေသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ စစ်ကိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းတို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လူငယ်စင်တာမုခ်ဦးကို အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက စစ်ကိုင်းတိုင်းဒေသကြီး လူငယ်စင်တာကို ဖွင့်လှစ်နိုင်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ထုအတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ဖြစ်ပါကြောင်း၊ လူငယ်များနှင့် ပတ်သက်သည့် လူငယ်မူဝါဒကို အစိုးရစတင်တာဝန်ယူခဲ့စဉ် ရက်(၁၀ဝ)စီမံချက်တွင် ထည့်သွင်းဖော်ဆောင်ခဲ့ပါကြောင်း၊ လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်စားပြုလူငယ်များဖြင့် လူငယ်များကိုယ်တိုင် ရေးဆွဲခဲ့ကြပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ လူငယ်စင်တာနေရာ ရရှိပြီးဖြစ်သည့်အတွက် ထိုနေရာမှ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လူငယ်စင်တာနေရာ ရရှိပြီးဖြစ်သည့်အတွက်  လူငယ်မူဝါဒကို အကောင်အထည်ဖော်ရန် တာဝန်များ ရှိလာပါကြောင်း။

 

 လူငယ်စင်တာတွင် လူငယ်များအတွက် အနုပညာ၊ အားကစားနှင့် လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံသင်ယူရန်ဖြစ်ပြီး လက်တွေ့အကျိုးရှိမည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူငယ်မူဝါဒပါကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်မှုစတင်ရန် နေရာဖြစ်ပါကြောင်း၊ လူငယ်မူဝါဒကို အကောင်အထည်ဖော်ရာ၌ မဟာဗျူဟာအပေါ်အခြေခံပြီး မိမိတို့ဒေသ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပံ့ပိုးကူညီမှုများကို ပြည်သူများ၊ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လူငယ်မူဝါဒအကောင်ထည်ဖော်ရန် ပုံမှန်ရန်ပုံငွေရရှိရေးကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုလူငယ်မူဝါဒကို ဖော်ဆောင်ခဲ့ခြင်းသည် လူငယ်များ၏ အခြေခံအခွင့်အရေးများကို ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူငယ်အများစု၏ သဘောဆန္ဒနှင့်အညီ အကောင်အထည်ဖော်ရန် လူငယ်များအနေဖြင့် ထိုလူငယ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လေ့လာပြီး ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က မိမိတို့ဒေသ၌ လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ရာတွင် အစိတ်အပိုင်းတစ်ခုဖြစ်သည့် လူငယ်စင်တာ ပေါ်ပေါက်လာသည့်အတွက် ဂုဏ်ယူရပါကြောင်း၊  စင်တာပေါ်ပေါက်ပြီး ဖြစ်သည့်အတွက် မူဝါဒပါ ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်ကြစေလိုကြောင်းနှင့် လူငယ်စင်တာကို လူငယ်များအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခုအဖြစ် ဝိုင်းဝန်းဖန်တီးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ စစ်ကိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေမိုးနိုင်က လူငယ်စင်တာရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့် လူငယ်ရေးရာမူဝါဒလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်၊ ဦးဆောင်ကော်မတီဝင်ဟောင်း ဦးဇော်သူရိန်ထွန်းနှင့် ဦးဆောင်ကော်မတီဝင် ဦးကိုကိုအောင်တို့က လူငယ်စင်တာ ဖွင့်လှစ်နိုင်ခြင်းအတွက် မုဒိတာစကားများ ပြောကြားသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပုလဲနဒီကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဂျပန်ဘာသာစကား ဖွင့်လှစ်သင်ကြားပေးမှုနှင့် လူငယ်စင်တာကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်