နေပြည်တော် ၂၁ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်း၍ အရှေ့လေးထပ်စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့ မြို့တော်ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှခံစားရရှိရေးအတွက် ကြိုးစားဖော်ဆောင် ပေးလျက်ရှိကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှုများကို တစ်နိုင်ငံလုံးလွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှု ရရှိစေရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုနည်းလမ်းအပြင် ဘဝရပ်တည်မှုတိုးတက်စေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းနိုင်သမျှစွမ်းအောင် လေ့ကျင့်သင်ကြား ပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဥပေဒပြဌာန်းခြင်း၊ အမျိုးသားအဆင့်မဟာဗျူဟာများချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အဆင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း။
မသန်စွမ်းဖြစ်မှုကို လျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများလည်းရှိကြောင်း၊ အသက် (၃)နှစ်အရွယ်အတွင်း ကလေးသူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာ ပုံမှန်ကြီးထွားမှုကိုမိဘများ၊ မိသားစုဝင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးသူများ ကိုယ်တိုင်က စောင့်ကြည့်မှတ်သားကာ ပုံမှန်မဟုတ်သည့် အခြေအနေများကို သိရှိပါက ဆောလျင်စွာ ကုသမှုလေ့ကျင့်မှုခံယူ စေနိုင်မည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီးရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းများက အားလုံးပူးပေါင်းကူညီကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသူ (၃၂၃၀)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃၀,ဝ၀ဝ)နှုန်းဖြင့် ငွေကျပ်(၉၆ ဒသမ ၉)သန်းကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ (၂၀၁၈- ၂၀၁၉) ဘဏ္ဍာနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၃၇) မြို့နယ်မှ မသန်စွမ်းသူ (၁၀၉၃၄)ဦးအတွက် စုစုပေါင်းငွေကျပ် (၃၂၈)သန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုထောက်ပံ့မှုသည် ထပ်မံကောက်ယူရရှိသော ထပ်တိုးစာရင်းများအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့) သင်တန်းသို့ရောက်ရှိပြီး သင်ခန်းစာများ သင်ကြားနေမှုကို လေ့လာကြည့်ရှု၍ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


