နေပြည်တော် ၂၁ ဇူလိုင်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းရေးအတွက် ယနေ့နံနက်ပိုင်း၌ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ပြန့်နှံ့မှု သိသာထင်ရှားစွာ မတွေ့ရှိရသော်လည်း ပြည်ပမှ ပြန်လာသူများတွင် ကူးစက်ခံလာရနိုင်သည့်အတွက် Quarantine လုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်များတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းလိုပါကြောင်းနှင့် ဒေသအလိုက် မတူညီသည့် အခက်အခဲ၊ လိုအပ်ချက်များရှိမည်ဖြစ်ရာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များ၊ ပရဟိတအဖွဲ့ဝင်များက ဆွေးနွေးကြရာ ကိုဗစ်-၁၉ အသိပညာ ပေးဆောင်ရွက်ရာတွင် အချို့သောဒေသခံ တိုင်းရင်းသားများအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ဘာသာစကား အခက်အခဲများ ကြုံတွေ့ရခြင်း၊ ချင်းပြည်နယ်တွင် အချို့နေရာများ၌ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ရေနှင့် အစားအသောက် သယ်ယူပို့ဆောင်ရေး၊ Quarantine ဝင်ကြသူများ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ပို့ဆောင်ရေးတို့တွင် အခက်အခဲရှိခြင်း၊ ယာဉ်စက်သုံးဆီများ လိုအပ်ခြင်း၊ ကိုဗစ်-၁၉ ကာလ အချိန်ကြာလာသည့်နှင့်အမျှ Quarantine ဝင်ကြရသူများအတွက် အစားအသောက်စရိတ် လိုအပ်လာခြင်း၊ တရားမဝင်လမ်းကြောင်းများ အထူးသဖြင့် ရေလမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်လာမှုများအတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် Mask များ၊ လက်သန့်ဆေးရည်များ၊ လက်အိတ်များ၊ PPE ဝတ်စုံများကို ပံ့ပိုးပေးစေလိုခြင်း၊ ကျောင်းများတွင် ခြေနင်းအမှိုက်ပုံးများသာ အသုံးပြုစေလိုပြီး လုံလောက်စွာပံ့ပိုးပေးစေလိုခြင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းများ ပေးစေလိုခြင်းနှင့် ကိုဗစ်-၁၉ ကာလသည် ရေရှည်ဖြစ်လာ၍ ပါဝင်ကူညီကြသော စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအတွက် နိုင်ငံတော်အစိုးရက ပိုမိုပံ့ပိုးကူညီ ပေးစေလိုခြင်း စသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုက်ရိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် အချက်များကို အမြန်ဆုံးနှင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်း၍ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


