နေပြည်တော် ၁၅ မတ်
COVID-19 ရောဂါနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့်် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေညာထားပြီး နိုင်ငံတော်သမ္မတရုံးက ပြည်သူလူထုသို့ ပန်ကြားချက်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ယခုအချိန်အထိ ရောဂါပိုးကူးစက်ခံရသည်ဟု သေချာသောသူ မတွေ့ရှိသေးသော်လည်း တရုတ်နိုင်ငံ ပြင်ပ ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ခံရသူဦးရေ နေ့စဉ်တိုးတက် များပြားလျက်ရှိပါကြောင်း၊ ကူးစက်မှုရှိပြီးသော နိုင်ငံများမှ ဝင်ရောက်လာသူများမှတဆင့် ကူးဆက်ခံရနိုင်ချေ ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေ သော ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ဗဟုသုတများကို မျက်ခြည်မပြတ်ရန်၊ အသိနှင့်အတူ အထူးသတိပြုနေထိုင် ကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၏ ဦးစီးဌာနအလိုက် ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုများ တွင် လုပ်ငန်းလည်ပတ်မှု မရပ်တန့်စေရန် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ နေ့စဉ်ထုတ်ပြန်ကြေငြာချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ဝန်ကြီးဌာနသည် ထိခိုက်လွယ်အုပ်စုများနှင့် ဆက်စပ်လုပ်ကိုင်ရသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရာတွင် အထူးသတိရှိရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများကို အသိပညာပေးရန်နှင့် မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနသည် နိုင်ငံခြားသားများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် လုပ်ငန်းတာဝန်များ ဆက်စပ်ဆောင်ရွက်ရာတွင် ယခုကာလ အတွင်း Email, Viber, Skype များကို အဓိကထားအသုံးပြု၍ ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများက သိရှိလိုသည့်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
(သတင်းစဉ်)


