နေပြည်တော် ၃ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ Westin Chosun ဟိုတယ်၌ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ညီလာခံတွင် အာရှနှင့်ဥရောပနိုင်ငံများမှ သက်ကြီးရွယ်အိုနှင့်စပ်လျဉ်း၍ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အကြံဉာဏ်များနှင့် အတွေ့အကြုံများ မျှဝေခြင်းကို ဆောင်ရွက်ကြသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ ကျန်းမာရေးနှင့် သာယာဝပြောရေးဆိုင်ရာ ဝန်ကြီးဌာနရှိ Korea Disability Development Institute ၏ President, Ms. Choi Kyung-suk နှင့် တွေ့ဆုံ၍ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မသန်စွမ်းသူများအား assisted device များပေးအပ်နိုင်ရေး၊ မသန်စွမ်းသူများလွယ်ကူစွာ သွားလာလှုပ်ရှားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ KODDI အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ယင်းနောက် KODDI အဖွဲ့၏ ပံ့ပိုးမှုဖြင့် မသန်စွမ်းသူများဖွင့်လှစ်ထားသော "I got everything" ကော်ဖီဆိုင်၌ ဉာဏ်ရည်မသန်စွမ်းသူများ၊ ကိုယ်လက်အင်္ဂါမသန် စွမ်းသူများအနေဖြင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ မသန်စွမ်းသူများ စက်ပစ္စည်းကိရိယာများ ကိုင်တွယ်ရာတွင် အန္တရာယ်မဖြစ်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကော်ဖီဆိုင်များအား အစိုးရ၊ KODDI နှင့် မသန်စွမ်းအေဂျင်စီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဖွင့်လှစ်ထားရှိမှုများ ကိုလေ့လာပြီး အဆိုပါ ကော်ဖီဆိုင်များအား မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် နေပြည်တော် အပါအ၀င် မြို့ကြီးများတွင် ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လေ့လာခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့်အတူ ဆိုလ်းမြို့ မြန်မာသံရုံးတွင် မြန်မာ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်းစဉ်


