နေပြည်တော် ၂၉ ဒီဇင်ဘာ
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)က ဦးဆောင်၍ စတုတ္ထအကြိမ် မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည်။
ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အရှေ့ဆောင်အဖွဲ့(မီလီ)၏ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင်များ၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးကြသည့်အလှူရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အနုပညာပွဲတော်များထဲ တွင် မသန်စွမ်းအနုပညာပွဲတော်ဖြစ်သည့်အတွက် ထူးခြားပါကြောင်း၊ မသန်စွမ်းအနုပညာ ပွဲတော်သည် (၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့် ကျင်းပခဲ့ရာ မသန်စွမ်းသူများအတွက် အနုပညာစွမ်းရည်များ ပြသရန်လမ်းပွင့်ခဲ့ပါကြောင်း၊ အနုပညာ နှင့်ပတ်သက်၍ ခံစားမှုနှင့် ဖန်တီးမှုများအတွက် စွမ်းရည်လိုပါကြောင်း၊ ထို မသန်စွမ်းအနုပညာရှင်များသည် မိမိတို့၏ မသန်သော်လည်း စွမ်းနိုင်မှုကို အနုပညာဖြင့် ပြသနေခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် မိမိတို့၏ စွမ်းရည်များကို ပြသရန် အဟန့်အတား၊ အတားအဆီးများ ပယ်ပျောက်ပြီး လက်လှမ်းမီရန် လိုအပ်ပါကြောင်း၊ လက်လှမ်းမီစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းများနှင့် ပတ်သက်၍ ပြောမှားဆိုမှား၊ အယူအဆမှား၊ ခံယူချက်အမှားအားလုံးကို ပြုပြင်နိုင်ရန် ဆောင်ရွက်နေသည့်ကာလလည်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ လူ့ အခွင့်အရေးများဖော်ဆောင်ရန် အဆင့်ဆင့် ကြိုးစားဆောင်ရွက်နေသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုသလမဂ္ဂကွန်ဗင်းရှင်း ကို လက်မှတ်ရေးထိုးထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ ဖွဲ့စည်းထားပြီး လက်တွေ့ဖော်ဆောင်ရန် လုပ်ငန်းကော်မတီဖွဲ့စည်း၍ မသန်စွမ်းများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ မသန်စွမ်းအမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကိစ္စများ၊ မသန်စွမ်းများနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ၊ ဘေးဒုက္ခများကြားတွင် မသန်စွမ်းများအား အလေးထားရေးကိစ္စ၊ အဓိကအားဖြင့် မသန်စွမ်းများ တရားမျှတမှုရရှိ ရေး စသည့်ဖြင့် ကဏ္ဍအသီးသီးကို ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရန် ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း။
အစိုးရအနေဖြင့် မသန်စွမ်းသူများကို စွမ်းနိုင်သမျှစွမ်းအောင် ဆောင်ရွက်ပေးသကဲ့ သို့ မသန်စွမ်းသူများကိုယ်တိုင်က ကြိုးစားအားထုတ်မှုများကို ပြသနေသည့်အတွက် အားတက်စရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်က အမျိုးသား ကော်မတီတွင် ပါဝင်သကဲ့သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မသန်စွမ်းများကိုယ်တိုင် ပါဝင်သည့် အဖွဲ့အစည်းများကို ဖွဲ့စည်းလျက်ရှိပါကြောင်း၊ အဆိုပါ အဖွဲ့များနှင့် အစိုးရက ဖွဲ့စည်းထားသော ကော်မတီများပူးပေါင်းပြီး မသန်စွမ်းများအား စွမ်းနိုင်သမျှစွမ်းအောင် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည်ဟု ပြောကြားလိုပါကြောင်း၊ မသန်စွမ်းများ နှင့်ပတ်သက်၍ ကုလသမဂ္ဂက အကြံပြုထားသော အရေးကြီးသည့် အချက်တစ်ချက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရာ တွင် စောင့်ကြပ်ကြည့်ရှု့ခြင်း၊ အကြံပေးခြင်း၊ အကဲဖြတ်ခြင်းများကို ဆောင်ရွက်ပေးနိုင်ရန် Independent Monitoring အဖွဲ့ကို ဖွဲ့စည်းသွားရန် အကြံပြုထားပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်တွင် ပါဝင်သော ပုဂ္ဂိုလ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ထက်မြတ်သော လွတ်လပ်သည့်ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်၍ မကြာခင် ဖွဲ့စည်းသွားရန် ရှိပါကြောင်း။
ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းများအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ ပိုမိုပီပြင်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အင်အားလိုအပ်ပါကြောင်း၊ ပြည်သူများထဲတွင် မသန်စွမ်းများ၏ အင်အားကို ချန်လှပ်ထား၍ မရပါကြောင်း၊ မသန်စွမ်းများ၏ အင်အား သည် တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ရာတွင် ကြီးမား သော အင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ မသန်စွမ်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်းနှင့် ယနေ့ကျင်းပသည့် ပွဲတော်သည် မသန်စွမ်းသူများ၏ အနုပညာခံစားမှုနှင့် ဖန်တီးမှုစွမ်းရည်များကို ဖော်ထုတ်သည့် ပွဲဖြစ်ပြီး ကူညီဆောင်ရွက်ပေးသော အနုပညာရှင်ကြီးများ ၊မသန်စွမ်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ နှင့် မြန်မာနိုင်ငံ မသန်စွမ်းအနုပညာရှင်များ၊ ဖင်လန်နိုင်ငံ သံရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပွဲတော်၏သံတမန် အဆိုတော် ဦးဇော်ဝင်းထွဋ်နှင့် ပွဲတော်ကို ပံ့ပိုးကူညီပေးကြသည့် အလှူရှင်များကိုယ်စား ဖင်လန်နိုင်ငံ သံအမတ်ကြီး မစ္စရီကာလက်တူးတို့က ဂုဏ်ပြုစကားပြောကြားကြပြီး မြန်မာ နိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)၏ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မီလီအဖွဲ့က Wheel Chair အက၊ Redeafination စင်ကာပူ နားမကြားအကအဖွဲ့၏ အက၊ BMG Philippine Wheel Chair Para Dance အဖွဲ့၏ sport အကတို့ဖြင့် ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အနုပညာရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပွဲတော်အတွင်း ပြသထားသော ပြခန်းများ၊ မသန်စွမ်းအဖွဲ့အစည်းများ၏ ထုတ်ကုန်နှင့် အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
(သတင်းစဉ်)