နေပြည်တော် ၁၉ ဇန်နဝါရီ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးရှိ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံသို့ ရောက်ရှိကြပြီး ဘေးအန္တရာယ် ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးများ ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်များ ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်လည်း အရေးကြီးကြောင်း၊ ထို့အတွက် ကမ်းပြိုဘေး၊ လေဘေးများကြောင့် နေအိမ်များ ရွှေ့ပြောင်းရခြင်း၊ ပျက်စီးခြင်းများအတွက် ငွေကြေးထောက်ပံ့မှုအပြင် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ ချမှတ်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသော ဟင်္သာတခရိုင် မြို့နယ်များအတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကို ထောက်ပံ့ငွေများပေးအပ်ရာ ဟင်္သာတ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၅၉၆၁၀ဝ၀၊ ဇလွန်မြို့နယ်သပြုကွင်း ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ်  ၇၄၀၁၀ဝ၀၊ လေးမျက်နှာမြို့နယ် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၉၁၆၅၀ဝ၀၊ မြန်အောင် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၃၂၅၃၈၀ဝ၀၊ ကြံခင်း မျောက်ချောကုန်း ပရဟိတအဖွဲ့အတွက် ထောက်ပံ့ ငွေကျပ် ၁၅၄၈၆၀ဝ၀၊ ကြံခင်း မေတ္တာရှင် ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂၂၁၄၀ဝ၀၊ ဇလွန် မဟာနာဂဝံသ လူငယ်ပရဟိတအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၂၇၅၄၀ဝ၀၊ မြန်အောင် စေတနာမူ ညကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၃၃၅၀ဝ၀ တို့ကို ထောက်ပံ့ခဲ့ပြီး ဟင်္သာတမြို့၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၄၄၆၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၃၃၅၆၀ဝ၀ဝ၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၈၅၀ဝ၀ဝ၊ ဟသာၤတခရိုင်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၆၉၂၇ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၂၀၇၈၁၀ဝ၀ဝ တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ မြို့တော်ခန်းမ၌ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅၇၉)ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၇၃၇၀ဝ၀ဝ၊ မသန်စွမ်းသူ (၈၃၂) ဦးအတွက် ထောက်ပံ့ငွေကျပ်  ၂၄၉၆၀ဝ၀ဝ၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေ ၈၇၅၀ဝ၀ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အတွင်းရှိ မြို့နယ်များနှင့် ကျောင်းကုန်းမြို့နယ်အတွင်း ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် ၄၆၁၅၄၉၀ဝ၀  ဖြစ်ကြောင်းသိရသည်။


(သတင်းစဉ်)