နေပြည်တော် ၁၅ ဧပြီ
IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများရှိ စခန်းစီမံခန့်ခွဲသူများနှင့် စခန်းနေသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စခန်းနေသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန် အသိပေးနှိုးဆော်ချက်များကို IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများသို့ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲတွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ဧပြီ ၁၅ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ IDP စခန်း (၆)ခု ဖြစ်သော တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်း အင်ဂျန်ဒုံ၊ တပ်ကုန်း ဂါလိလဲ၊ တပ်ကုန်း ဧမာနွေလ၊ တပ်ကုန်း စံပြနှစ်ခြင်း၊ တပ်ကုန်း ရာဒါကောင်းဘီ COC တို့တွင် လက်ဆေးဘေစင်များ တပ်ဆင်ဆောင်ရွက်ပေးခြင်း၊ ဆပ်ပြာနှင့် Mask ဖြန့်ဝေပေးခြင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ IDP စခန်းများဖြစ်သော အေးလင်းမြတ်ရှင်စခန်းနှင့် မြတ်ပန်းဝတ်မှုံစခန်းတို့တွင် ဆပ်ပြာနှင့် Mask ဖြန့်ဝေပေးခြင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးရှိ တိုက်ပွဲရှောင်စခန်း (၇)ခုတွင် ဆပ်ပြာထောက်ပံ့ပေးခြင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဝိဘဇ္ဇာဝါဒီ ဘုန်းကြီးကျောင်း၊ နန်းရွှေဂူ ဘုန်းကြီးကျောင်းနှင့် ဓမ္မရာမဘုန်းကြီးကျောင်း၊ မဏိရတနာ ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်များအတွက် ဆပ်ပြာနှင့် Mask ထောက်ပံ့ပေးခြင်း၊ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ (၅)ရပ်ကွက်ရှိ IDP စခန်းနှင့် (၆)ရပ်ကွက်ရှိ IDP စခန်း၊ နမ္မတူမြို့နယ်ရှိ လီဆူး IDP စခန်းနှင့် ကချင်နှစ်ခြင်း IDP စခန်း၊ နမ့်ခမ်းမြို့နယ်ရှိ ဂြော်(၁) IDP စခန်းများတွင် ဆပ်ပြာနှင့် Mask ထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများအားလုံးတွင် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသိ သတိဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်