နေပြည်တော်  ၂၉   နိုဝင်ဘာ

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ယမန်နေ့ မွန်းလွဲပိုင်းက UN. Women ဌာနချုပ်၏ Deputy Executive Director, Ms. Anita Bhatia နှင့် တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အစိုးရဝန်ထမ်းများ အပါအဝင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ကိစ္စများတွင် UN.Women နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂစာချုပ်များ၊ သဘောတူညီချက်များနှင့် ပတ်သက်၍ အစီရင်ခံစာရေးသားခြင်း၊ နိုင်ငံတကာနှင့် အတွေ့အကြုံများမျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မရှင်၊ အာဆီယံအမျိုးသမီးများ ကော်မတီတို့တွင် ဦးစီးဦးဆောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကျား/ ရေးရာကို ထည့်သွင်းစဉ်းစားသည့် ဘတ်ဂျက်စနစ် ဖြစ်ပေါ်လာရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင်  Korea Women Development Institute (KWDI) အဖွဲ့အစည်းနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် မြို့နယ်အဆင့်အထိ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြင့်မားရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စ၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေမှုကြမ်းရေးဆွဲ ဆောင်ရွက်နေမှု၊ ကျား/မရေးရာနှင့် ပတ်သက်၍ မူဝါဒ ရေးဆွဲဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကုလသမဂ္ဂနှင့် လက်မှတ်ထိုးထားသည့် ပဋိပက္ခများအတွင်း အမျိုးသမီးများပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နေမှုများ အပေါ် KWDI နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကျား/မတန်းတူညီမျှရေး ပေကျင်း ကြေညာချက် (၂၅)နှစ်ပြည့် ပြန်လည်သုံးသပ်မှုဆိုင်ရာ အာရှ-ပစိဖိတ် ဝန်ကြီးများအဆင့် ကြေညာချက်စာတမ်း အတည်ပြုခြင်းနှင့် အစည်းအဝေး ပိတ်ပွဲကျင်းပခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)